တရုတ်နိုင်ငံမှာ လူအုပ်ထဲကားနဲ့ဝင်တိုက်ပြီး လူ ၁၅ ယောက်သတ်ခဲ့သူကို ကွပ်မျက် 

ပေကျင်း၊ ဇန်န၀ါရီ-၂၉-၂၀၁၉
မျိုးဆက် (VOM)
လွန်ခဲ့တဲ့နှစ်က တရုတ်နိုင်ငံ ဟူနန်ပြည်နယ်အလယ်ပိုင်းမှာရှိတဲ့ လူစည်ကားရာ ရင်ပြင်တစ်ခုသို့ ကားတစ်စီးကို အတင်းမောင်းဝင် တိုက်ခဲ့တာကြောင့် လူ ၁၅ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ ကားမောင်းခဲ့တဲ့ အမျိုးသားတစ်ဦးကို ဇန်န၀ါရီ ၂၉ ရက်မှာ တရုတ်အာဏာပိုင်တွေက ကွပ်မျက်လိုက်ပါတယ်။
ယန်ဇန်ယွန်လို့အမည်ရတဲ့ အဆိုပါအမျိုးသားဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက ဟန်ဒေါင်းမြို့က အများပြည်သူဆိုင်ရာ ရင်ပြင်တစ်ခုက လူတွေကို ဂေါ်ပြား၊ ဓါးမြှောင်တွေနဲ့ တိုက်ခိုက်ခြင်းမပြုမီ ကားကို လူအုပ်ကြားထဲ မောင်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူ ၁၅ ဦးသေဆုံးပြီး ၄၃ ဦးထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။
၎င်းဟာ အန္တရာယ်ရှိတဲ့ နည်းလမ်းတွေကတစ်ဆင့် အများပြည်သူရဲ့ လုံခြုံရေးကို ထိခိုက်အောင် ပြုခဲ့တဲ့အတွက် သေဒါဏ်ချမှတ်လိုက်တယ်လို့ ဟူနန်ပြည်နယ်မှာရှိတဲ့ တရားရုံးက ဇန်န၀ါရီ ၂၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ တရားခံဟာ ယခင်ကလည်း တမင်တကာ နာကျင်အောင်ပြုမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ထောင်ကျဖူးတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ မကြာသေးမီလတွေအတွင်း အလားတူဖြစ်ရပ်မျိုးတွေဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလနှောင်းပိုင်းက မူလတန်းကျောင်းတစ်ကျောင်းရဲ့ အရှေ့ကလမ်းမှာလမ်းကူးနေတဲ့ ကျောင်းသားအုပ်စုထဲကို ကားနဲ့ဝင်တိုက်တာကြောင့် ကလေးငယ် ငါးဦးသေဆုံးပြီး ၁၉ ဦးဒါဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလအတွင်းကလည်း ဖူဂျန်ပြည်နယ်အရှေ့ပိုင်းမှာ အမျိုးသားတစ်ဦးက ဘတ်စ်ကားကိုပြန်ပေးဆွဲပြီ လူအုပ်ထဲဝင်တိုက်ခဲ့တာကြောင့် လူ ရှစ်ဦးသေဆုံးပြီး ၂၂ ဦးဒါဏ်ရာရရှိခဲ့ပါတယ်။
Ref: CNA Photo : Getty Images
#voiceofmyanmar#တရုတ်တရားစီရင်ရေး

 

Related posts

Leave a Comment

VOM News

FREE
VIEW