မြန်မာ့ဒီမိုကရေစီရေးကို ကိုယ်ထိလက်ရောက်ကူညီခဲ့တဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဟောင်းကွယ်လွန်

 

နယူးဒေလီ ဇန်နဝါရီ ၂၉-၂၀၁၉

ထိန်လင်း (VOM)

ဗမာပြည်ဒီမိုကရေစီရေးရဲ့မိတ်ဆွေကြီး (Friend of Burma Democracy)  အိန္ဒိယရောက်ဗမာကျောင်းသားတို့ရဲ့ ကျေးဇူးရှင် ကာကွယ်ရေးဝန်ကြီးဟောင်း မစ္စတာ ဂျော့ဖာနန်ဒက်(George Fernandes) အသက် ၈၈ နှစ်ဟာ လူကြီးရောဂါနဲ့ ဒီကနေ့ ကွယ်လွန်သွားပြီဖြစ်ပါတယ်။

 

All Burma Students League အဖွဲ့ရဲ့ ဥက္ကဋ္ဌ ရဲဘော်ကျော်သန်းက မြန်မာ့ဒီမိုကရေစီရေးအတွက် မစ္စတာ ဂျော့ဖာနန်ဒက် ကူညီခဲ့တာတွေနဲ့ အောင့်မေ့ဖွယ်တွေကို ခုလို ပြောပြပါတယ်။

 

“ အန်ကယ်ကြီးက ကျနော်တို့ အိန္ဒိယရောက်ဒီမိုကရေစီရေးလုပ်တဲ့ မြန်မာတွေအတွက် ကျေးဇူးရှင်ပါ။ ၁၉၉၀ ကျနော်တို့မရောက်ခင်ကတည်းက ဒေါ်သန်းသန်းနု(ဦးနုရဲ့သမီး)  ဦးမောသီရိ (အိန္ဒိယရောက် မြန်မာ့နိုင်ငံရေးကူညီသူ) တို့ သမ္မတဟောင်း ကေ အာ နာရယန်းတို့နဲ့ဖွဲ့ထားတဲ့ Friend of Democracy in Burma မှာ သူက အဖွဲ့ဝင်လုပ်နေတာ။ ၁၉၉၂ ခုနှစ်ကနေ ၂၀၀၈ အထိ ကျနော်တို့ ဗမာကျောင်းသားတွေ သူရဲ့ 3 Krishna Menon Marg ဆိုတဲ့ ဝန်ကြီးအဆင့် အိမ်ယာထဲမှာ လက်ခံစောင့်ရှောက်ထားခဲ့တယ်။ သူ နယူးဒေလီမှာရှိနေရင် မြန်မာတွေလုပ်တဲ့ တော်လှန်ရေးအမှတ်တရပွဲတွေကို မဖြစ်မနေတက်ပြီးအားပေးတဲ့သူပါ။ အက်ဒမန်ကျွန်းမှာ ရခိုင်လက်နက်ကိုင်နဲ့ကေအန်ယူတွေကို အိန္ဒိယထောက်လှမ်းရေးကဖမ်းတော့  အိန္ဒိယသမိုင်းမှာ တခါမှမဖြစ်ဖူးခဲ့တဲ့ ရေတပ်ကာကွယ်ရေးဦးစီချုပ်ကို ကာကွယ်ရေးဝန်ကြီးအာဏာနဲ့ ဖယ်ရှားခဲ့ရတဲ့အထိ ဖြစ်ပျက်သွားတာမှာ မြန်မာ့ဒီမိုကရေစီရေးကို သူကူညီစောင့်ရှောက်တဲ့သဘောဖြစ်တယ်လို့” ဆိုပါတယ်။

 

မစ္စတာ ဂျော့ဖာနန်ဒက်(George Fernandes) ဟာ အိန္ဒိယနိုင်ငံရဲ့ အင်အားကြီးနိုင်ငံရေးပါတီတွေဖြစ်ခဲ့တဲ့ Samata ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး၊ Janata ပါတီရဲ့ အမာခံပါတီဝင်တဦး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

 

သူကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူနေချိန် ၁၉၉၈ ခုနှစ်မှာ ပေါက္ကရံမှာ နျူကလီးယား စမ်းသပ်မှုလုပ်ခဲ့သလို၊ ပါကစ္စတန်နိုင်ငံနဲ့ စစ်ဖြစ်ခဲ့ပါတယ်။ သူကာကွယ်ရေးဝန်ကြီးချုပ်တာဝန်ယူထားချိန်မှာ နိုင်ငံရေး အရှုပ်တော်ပုံတွေ မျိုးစုံကြုံခဲ့ရပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံရေးလောကမှာတော့ သူဟာ အကောင်းဆုံးခေါင်းဆောင်တဦးဖြစ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံရေးသမားတွေက ဆိုကြပါတယ်။

 

လက်ရှိအိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက “ဂျော့ရှ်ဟာ အိန္ဒိယနိုင်ငံရေးလောကကို အကောင်းဆုံးဦးဆောင်ခဲ့သူတဦးဖြစ်ပါတယ်။ သူဟာ အကြောက်အရွံ့မရှိ၊ သမာသမတ်ကျကျနဲ့ ကျနော်တို့နိုင်ငံကို ဦးဆောင်ခဲ့တယ်။ တန်းတူညီမျှရေးနဲ့ ဆင်းရဲသားတွေအတွက် ဦးဆောင်တဲ့သူတွေထဲမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ အရေးပါ အရာရောက်ခဲ့တယ်” လို့ သူ့ရဲ့ twitter မှာ ရေးသားချီးကျူးခဲ့ပါတယ်။

မစ္စတာ ဂျော့ဖာနန်ဒက်ရဲ့ ဈာပနကို အိန္ဒိယမှာရှိနေသေးတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူကျောင်းသားဟောင်းတွေက သွားရောက်ဂါရဝပြုကြမယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ Defence Archive

#voiceofmyanmar# မစ္စတာဂျော့ဖာနန်ဒက်

 

Related posts

Leave a Comment

VOM News

FREE
VIEW