ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၆၃၀ သုံးစွဲမည်

မုံရွာ – ဇန်နဝါရီ ၃၀၊ ၂၀၁၉

ဗျဂ္ဃ (VOM)

 

စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေမြေဖြိုး) အနေနဲ့ ချင်းတွင်းမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း ၆၃၀ အကုန်အကျခံကာ သုံးစွဲသွားမယ်လို့ တိုင်း ရေမြေဖြိုးက သတင်းတွေအရ သိရပါတယ်။

ချင်းတွင်းမြစ်အတွင်း ရိုးလွှာရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မော်လိုက် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မင်းကင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ အလုံရေလမ်းကောင်းမွန်ရေးလုပ်ငန်းနဲ့ ရွှေတချောင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်း ၆၃၀ သုံးမှာဖြစ်ပြီး ကမ်းထိန်းနံရံတည်ဆောက်ဖို့အတွက်လည်း တတိုင်းလုံးမှာ လုပ်ငန်း ၄၅ ခုကို ဖေဖော်ဝါရီလဆန်းကစပြီး ငွေကျပ် ၉ ဘီလီယံထိ သုံးစွဲသွားမယ်လို့ သိရပါတယ်။

“နှစ်စဉ်ဆောက်ရွက်ပေးနေတာကတော့ ရေလမ်းညွှန်အမှတ်အသားတွေပြသပေးတဲ့ လုပ်ငန်းတွေကို လအလိုက်၊ ရေလမ်းပိုင်းအလိုက် ရေနည်းကာလတွေမှာ ဆောင်ရွက်ပေးနေပါတယ်။ မနှစ်ကဆို ဒီဇင်ဘာကနေ မတ်လအထိ ရေပေါ်အမှတ်အသား ၁၅၉၀၊ ကမ်းပေါ်အမှတ်အသား ၁၄၈၀၊ တစုန်းငုတ်ရေ ၃၅ ခု၊ ၅၅ တန်နှုတ်ပေးခဲ့ပါတယ်။ ချင်းတွင်းမြစ်က ရေကြောင်းအပြောင်းအလဲမြန်တယ်။ ပြီးတော့ မြစ်ကြောင်းရှည်တယ်။ လုပ်စရာတွေများတယ်။ နှစ်အလိုက်တော့ ရရှိတဲ့ ဘဏ္ဍာငွေအပေါ်မူတည်ကာ ဆောင်ရွက်ပေးနေပါတယ်” လို့ တိုင်းရေမြစ်ဖြိုးဦးစီးဌာန ညွှန်ကြားရေးမှုး ဦးဖုန်းကျော်စိန်က ပြောပါတယ်။

စစ်ကိုင်းတိုင်း ရေမြစ်ဖြိုးဦးစီးဌာနအနေနဲ့ ချင်းတွင်းမြစ်ကြောင်းထိန်းသိမ်းရေးကို အဓိက ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဧရာဝတီ မြစ်ကြောင်းကိုတော့ ကချင်ပြည်နယ်၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်းတွေက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။  ရေမြစ်ဖြိုးကနေ ရေကြောင်းအသုံးပြုခ ကောက်ခံရေးဂိတ်ကိုလည်း ကျောက်မှော်နှင့် ကလေးဝတို့မှာ ဖွင့်လှစ်ထားပြီး တန်ချိန်အလိုက် ကောက်ခံနေပါတယ်။

လက်ရှိမှာ ချင်းတွင်းမြစ်ရေက ရေနည်းပါးနေပြီး ရေကြောင်းကြပ်တည်းမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ချင်းတွင်းမြစ်အတွင်း ကြွေ၊ ရိုးလွှာ၊ ငုတ်တထောင်နှင့် တခြားနေရာတွေမှာလည်း ရေကြောင်းကြပ်လို့ ရေယာဉ်တွေ သောင်တင်တာတွေလည်း ရှိနေပါတယ်။

ရေကြောင်းအသုံးပြုခတွေလည်း ပေးဆောင်ကြရတာဖြစ်တဲ့အတွက် ရေလမ်းကောင်းမွန်အောင်တော့ ဆောင်ရွက်ပေးစေချင်တယ်လို့ ရေယာဉ်အသင်းတွေက ဆိုပါတယ်။ ချင်းတွင်းမြစ်ရဲ့ ရေနည်းကာလအဖြစ် နိုဝင်ဘာလလယ်ကနေ မေလလယ်ထိ ကို ရေနည်းကာလသတ်မှတ်ထားပါတယ်။ ပြီးခဲ့တဲ့ မိုးရာသီမှာ နောက်မိုးနည်းခဲ့တဲ့အတွက် ဒီနှစ်မှာ ရေနည်းတာ စောတယ်လို့လည်း ပြောဆိုနေကြပါတယ်။

#VoiceOfMyanmar #ချင်းတွင်းမြစ်ကြောင်းထိန်းသိမ်းရေး

Related posts

Leave a Comment

VOM News

FREE
VIEW