ဟိုတယ်တိုင်းရဲ့ မနက်စာအစီအစဉ်မှာ မုန့်ဟင်းခါးကို မြန်မာအစားအစာအဖြစ် ထည့်သွင်းပေးစေလို

ရန်ကုန်- ဇန်ဝါရီ ၃၀၊ ၂၀၁၉

 

ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်တွေ အနေနဲ့ မနက်စာ ကျွေးမွေးတဲ့ အစီအစဉ်တွေထဲမှာ မုန့်ဟင်းခါးကို ထည့်သွင်းပေးစေချင်တယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနေလင်းက အကြံပြုပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ခရီးသွား ဧည့်သည် ၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေအနေနဲ့ မုန့်ဟင်းခါးကို မြန်မာ့အစားအစားအစာအဖြစ် သိရှိစေဖို့ စတင်လုပ်ဆောင်နေတာကြောင့် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးစေလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“မနက်စာကျွေးတဲ့အခါ  မုန့်ဟင်းခါးကိုထည့်ကျွေးစေချင်တယ်။ အဲ့လိုထည့်ခြင်းအားဖြင့် နိုင်ငံတကာက ဧည့်သည်တွေ ဟိုတယ်မှာ တည်းတဲ့အခါ မြန်မာအစားအစာ ဘယ်ဟာလည်းလို့မေးရင် ဒီဟာက မုန့်ဟင်းခါး၊ မြန်မာအစားအစာဖြစ်တယ်ဆိုတာသိမယ်။ သူတို့မြည်းစမ်းကြည့်မယ်၊ ကြိုက်တာမကြိုက်တာထက် မုန့်ဟင်းခါးဆိုတာ မြန်မာအစားအစာမှန်း သူတို့သိသွားတာပေါ့။ ဒါမျိုးလေးတွေလုပ်စေချင်တယ်။”လို့ ဦးနေ လင်းကပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပံ့ပိုးမှုတွေရှိလာခဲ့မယ်ဆိုရင် ထိရောက်မှုပိုပြီးရှိစေမယ်လို့လဲဆိုပါ တယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေ  မြန်မာနိုင်ငံကို လာရောက်တဲ့ အခါ ပထမဆုံးထိတွေ့ခွင့်ရရှိ တဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မြန်မာပြည်ထွက်ကုန်အကြောင်းများအပါအ၀င်၊ မုန့်ဟင်းခါးနဲ့ ပတ်သက်တဲ့ အချက်အလက် အကြောင်းအရာတွေကို ကြော်ငြာပြသပေးထားသင့်တယ်လို့လည်း သုံးသပ် ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ အစားတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့ ခရီးသွားပြပွဲမှာ နှစ်ကြိမ်၊ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ပြပွဲမှာတစ်ကြိမ် ၀င်ရောက်ပြသမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒီပွဲတွေမှာလည်း မြန်မာအစားအစာဖြစ်တဲ့ မုန့် ဟင်းခါးကိုပြသခဲ့ရာ နိုင်ငံခြားသားတော်တော်များများ ကြိုက်နှစ်သက်မှုရှိတယ်လို့သိရပါတယ်။

“နိုင်ငံတကာလေဆိပ်တွေမှာဆိုရင် သူတို့ရဲ့ ရိုးရာတွေ ကြော်ငြာထားလေ့ရှိတယ်။ ဒါကြောင့်ကျွန်တော်တို့ လေဆိပ်မှာလည်း မုန့်ဟင်းခါးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာလေးတွေ ၊ မြန်မာ့ရိုးရာလေးတွေနဲ့ ပတ်သက်တာကို ပြထားမယ်ဆိုရင် ခရီးသွားတွေ ဆိုက်ရောက်တဲ့အခါ ပစ္စည်းရွေးဖို့ စောင့်ဆိုင်းနေချိန် သူတို့ ကြည့်လို့ရမယ်။ လေ့လာလို့ရမယ်။ ဘာပဲပြောပြော နိုင်ငံခြားသားတွေသိသွားတာပေါ့။”ဟု ဦးနေလင်းက ဇန်န၀ါရီလ ၂၉ ရက် နေ့ ရန်ကုန်မြို့ ၊ ဆူးလေရှန်ဂရီလာမှာ Chefmans Unilever Food Solutions က ပြုလုပ်ခဲ့တဲ့ Chefmanship Challenge ပွဲ၌ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အစားအစာတွေအများကြီးထဲကမှ မုန့်ဟင်းခါးကို ရွေးချယ်စတင်ဖြစ်ခဲ့တာက  အသက်အရွယ်ကြီးသူတွေ၊ လူလတ်ပိုင်း၊ လူငယ်လူရွယ်အပြင် ကလေးသူငယ်တွေပါ အားလုံး  အချိန်ကာလမရွေး စားသုံးနိုင်တဲ့အစားအစာတစ်ခုဖြစ်လို့ ပထမခြေလှမ်းအဖြစ် မုန့်ဟင်းခါးကိုစတင်ခဲ့တာ ပဲဖြစ်တယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW