အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ကို ဌာနဆိုင်ရာအချို့က လက်ခံဖို့ဝန်လေးနေ

နေပြည်တော်၊ဖေဖော်ဝါရီ ၅-၂၀၁၉

ဒီပ(နေပြည်တော်)(VOM)

ဒီကနေ့ပြုလုပ်ခဲ့တဲ့  အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့(CPU) နည်းပညာသင်တန်း အမှတ်စဉ်(၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား နေပြည်တော် Kempinski Hotelမှာ ကော်မရှင်ဥက္ကဌဖြစ်သူ ဦးအောင်ကြည်က (CPU)ဖွဲ့စည်းဖို့အတွက် ဌာနဆိုင်ရာအချို့က လက်ခံဖို့ဝန်လေးနေခြင်းဟာ အတိတ်ကာလနဲ့ မျက်မှောက်ခေတ်က ထားရှိအပ်တဲ့ တန်ဖိုးထားမှုတို့ အကြားမှာ ကွာဟချက်ကြောင့်လို့ ပြောကြားခဲ့ပါတယ်။

“(CPU)များရဲ့ လုပ်ငန်းတာဝန်ဟာ ဌာနဆိုင်ရာဝန်ထမ်းများရဲ့ ဂုဏ်သိက္ခါနဲ့ လူထုရဲ့ယုံကြည်မှုတို့ကို ပြန်လည်မြင့်မားလာအောင် ဆယ်တင်ပေးနိုင်တာဖြစ်သလို အောင်မြင်စွာ အကောင်အထည်ဖော်ဖို့လည်း အလွန်အရေးကြီးပါတယ်၊ သို့ရာမှာတော့ (CPU)ကို ဌာနဆိုင်ရာအချို့က အခုအချိန်ထိ အသေအချာလက်ခံဖို့ ၀န်လေးနေကြသေးတာဟာ အတိတ်ခေတ်ကာလက ထားရှိခဲ့ကြတဲ့ တန်ဖိုးထားမှုနဲ့ မျက်မှောက်ခေတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ  ထားရှိအပ်တဲ့ တန်ဖိုးထားမှုတို့ကြား ကွာဟချက် အတော်အတန် ရှိနေဆဲဖြစ်တာကြောင့်လို့ ယူဆမိပါတယ်”လို့ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် က ပြောခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ ဝန်ထမ်းများအတွင်းသာမက မိမိတို့လူ့ဘောင်အဖွဲ့အစည်းအတွင်း အစိတ်အပိုင်း အသီးသီးမှာလည်း အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး တန်ဖိုးထားလွဲမှားမှုတွေ ရှိနေသေးတာကို လူငယ်လူလတ်များပါမက ရာထူးကြီးတာဝန်များထမ်းဆောင်နေကြတဲ့  လူကြီးအချို့မှာလည်း မှန်ကန်ကောင်းမွန်တဲ့ တန်ဖိုးထားမှုများကို ကျောင်းသင်ခန်းစာများမှာမသင်ခဲ့ရသူ အများအပြား ပါဝင်နေတာကြောင့် ဖြတ်သန်းလာခဲ့ကြတဲ့ ဘ၀အတွေ့အကြုံ တစ်လျှောက်မှာလည်း အဂတိကင်းစင်တဲ့ စံနှုန်းကို ထိတွေ့မှု နည်းပါးခဲ့ရတာ ဖြစ်ပါတယ်။

“ ရှေ့ပြေးစီမံကိန်းအရ ပြည်ထောင်စုဝန်ကြီးဌာန (၁၄)ခုကလည်း CPUအဖွဲ့များ ဖွဲ့စည်းပြီးတော့  သတ်မှတ်ပေးထားတဲ့ ရည်ရွယ်ချက်အတိုင်း ထိရောက်အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်  အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတော်အစိုးရရဲ့ ပြင်းပြတဲ့ နိုင်ငံရေးခံယူချက်ကို ကျွန်တော်တို့ အားလုံးက တက်ညီလက်ညီ အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်လိမ့်မယ် ဖြစ်ပါတယ်လို့ ပြောကြားလိုပါတယ်”ဟု ဦးအောင်ကြည် က ပြောဆိုသွားခဲ့ပါတယ်။

Transparency International(TI)၏ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုဆိုင်ရာ အညွှန်းကိန်း(CPI)အရ မြန်မာနိုင်ငံ ၂၀၁၄ခုနှစ်တွင် အဆင့်(၁၅၇)မှာရှိခဲ့ရာကနေ ကော်မရှင်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုး ပမ်းမှုများကြောင့် ၂၀၁၆ခုနှစ်တွင် အဆင့်(၁၃၆)သို့တိုးတက်ရောက်ရှိလာခဲ့ပါတယ်။သို့သော်လည်း CPI အဆင့် ပိုမိုကောင်းမွန်ရေးအတွက် ကျွန်တော်တို့တတွေ ဆက်လက်ကြိုးပမ်းကြဖို့ လိုအပ်နေပါသေးတယ်လို့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတစ်ခုမှာ ကော်မရှင်ဥက္ကဌ ဦးအောင်ကြည် က ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

#voiceofmyanmar#နေပြည်တော်#အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကိုဌာနဆိုင်ရာအချို့ကလက်ခံဖို့ဝန်လေးနေ#

Related posts

Leave a Comment

VOM News

FREE
VIEW