ကလေးမြို့တည် ၁၀၅၂ နှစ် ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ

ကလေး ဖေဖော်ဝါရီ ၉-၂၀၁၉

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်း ကလေးမြို့ကို တည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၅၂ နှစ် ပြည့်ပြီ ဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ မြို့ရဲ့ အရပ်လေးမျက်နှာမှာ ရှိတဲ့ ရှေ့ဟောင်းဆင်းတုတော်တွေကို မြို့အတွင်း လှည့်လည်ပူဇော်တဲ့ အခမ်းအနား တစ်ခုကို ဒီနေ့ မွန်းလွဲအချိန်က ကလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာမှာ သီရီဓမ္မာ သောကမင်းကြီးနဲ့ နွယ်ပတ်ဘုရင် လန္တပါလရာဇာ တို့က သာသနာနှစ်  (၂၂၄) နှစ် မှာ တည်ထားခဲ့တဲ့ အုဋ်သုံးမျိုးမဟာစေတီ ၊ကလေးမြို့ အောင်မြေမာန်ရပ်ကွက်မှာ သီရီဓမ္မာ သောကမင်းကြီးနဲ့နွယ်ပတ်ဘုရင် လန္တပါလရာဇာ တို့ က သာသနာနှစ် (၂၂၅) နှစ် မှာ တည်ထားခဲ့တဲ့ ရတနာပုံရွှေဘုံသာ စေတီတော် ၊ကလေးမြို့ ကံကြီးကျေးရွာမှာ နွယ်ပတ်ဘုရင် နန္ဒရာဇာ က သာသနာနှစ် (၂၅၈)ခုနှစ်တွင် တည်ထားခဲ့သည့် မြသိန်းတန်စေတီတော် ၊ကလေးမြို့ တောင်ဦးကျေးရွာမှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး က ကောဇာသက္ကရာဇ် (၄၅၄) ခုနှစ် တွင်တည်ထားခဲ့သည့် ဖောင်တော်ဦးစေတီတော် ၊ ကလေးမြို့ ကံပုလဲ ကျေးရွာမှာ အလောင်းစည်သူမင်းကြီးက ကောဇာသက္ကရာဇ်(၄၅၄)ခုနှစ်တွင် တည်ထားခဲ့သည့် ဖောင်တော်မှီစေတီတော် ၊ကလေးမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီး က ကောဇာသက္ကရာဇ်(၅၄၁) ခုနှစ်တွင် တည်ထားခဲ့သည့် စကာလှဘုရားကြီး ၊ကလေးမြို့ အောင်မြေမာန်ရပ်ကွက် ရှိ အင်းဝဘုရင် မင်းကြီးစွာစော်ကဲ အမြင့်မြို့စားအဖြစ် စိုးစံစဉ် ကောဇာသက္ကရာဇ်(၇၂၉) ခုနှစ်တွင် တည်ထားခဲ့သည့် မြို့ချက်အောင်မြေစေတီတော် နှင့် ကလေးမြို့ အင်းတင်ကျေးရွာရှိ တောင်စွယ်အလယ်တွင် တည်ရှိသည့် ထန်ဘုရား စသည့် ရှေ့ဟောင်းဘုရားဆင်းတုတော် ၈ ဆူကို  မြို့တွင်း လှည့်လည် ပူဇော်ခံပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အမျိုးဘာသာသသနာကို ထိန်းသိမ်းစောင့်ရှောက်တဲ့ အနေနဲ့ ကိုယ့်ဘာသာ ကိုယ့်သာသနာကို နောင်လာနောက်သားတွေ သိရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်” လို့ ပွဲတော် ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးခင်မောင်မြင့်က ပြောပါတယ်။

ကလေးမြို့သမိုင်းကို လေ့လာကြတဲ့ သမိုင်းပညာရှင်တွေရဲ့ တွေ့ရှိချက်တွေ အရကလေးမြို့ကို မိုးကောင်းမင်း မဟာစောလုံး ရဲ့ သမက် ကျေးတောင်ညို က ခရစ်နှစ် ၉၆၇ ခုနှစ်ကနေ စတင်ပြီးတော့ မြို့အဖြစ် တည်ထားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးမြို့အနီးမှာ ရှိတဲ့ တောင်တန်းပေါ်ကနေလည်း နှစ်ပေါင်းထောင်ချီက ကျောက်ဖြစ်ရုပ်ကြွင်းတွေ မကြာခဏ တွေ့ရှိရတာကြောင့် ပြည်တွင်းပြည်ပ ပညာရှင်တွေ မကြာခဏ လာရောက်သုတေသန ပြုလုပ်ခဲ့ကြတာတွေလည်း ရှိပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW