မသန်စွမ်းများအတွက် YBS ဘတ်စ်ကားအရေး ကာယကံရှင်များအမြင် ရယူရန်လို

ရန်ကုန် – ဖေဖော်ဝါရီ ၉ – ၂၀၁၉

TGH (VOM)

မသန်စွမ်းတွေအတွက် စဉ်းစားထည့်သွင်းထားတဲ့ ဘတ်စ်ကားတွေ ပြေးဖို့ စီစဉ်နေတာမှာ ကာယကံရှင် မသန်စွမ်းတွေရဲ့အသံကို အရင်ဆုံး နားထောင်ပြီးမှ လုပ်ဖို့လိုအပ်နေတယ်လို့ ဧဒင်သန်စွမ်းကလေးများကျောင်းမှ မန်းနေးဂျင်းဒါရိုက်တာ ဦးသာခိက ပြောဆိုပါတယ်။

မသန်စွမ်းတွေအတွက် တစ်ခုခုလုပ်မယ်ဆိုရင် ဘယ်လိုပုံစံက အဆင်ပြေမယ်ဆိုတာတွေကို ကာယကံရှင် မသန်စွမ်းသူတွေကို ကိုယ်စားပြုသူတွေနဲ့ အရင်တိုင်ပင်မှု အားနည်းနေတာကြောင့် မသန်စွမ်းသူတွေအတွက် အကောင်းဆုံးအခြေအနေ ဖြစ်မလာနိုင်ဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။

“စနစ်တစ်ခုပြောင်းဖို့လုပ်တိုင်းမှာ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် ဒီမိုကရေစီယဉ်ကျေးမှုကို အသက်သွင်းဖို့လိုတယ်။ စိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ်၊ ကျွန်တော်တို့က အကောင်းဆုံးလုပ်ပေးတယ် အဆင်ပြေအောင်လုပ်ပေးထားတယ် ကျေးဇူးတင်ဆိုတဲ့ အနေအထားမျိုးနဲ့ကတော့ အဆင်မပြေဘူး။ သုံးစွဲသူတွေရဲ့အသံ ကိုအမြဲတမ်းနားထောင်ဖို့လိုတယ်။ မသန်စွမ်းတွေ အဆင်ပြေဖို့ဆိုရင် မသန်စွမ်းတွေကို အရင်မေးသင့်တယ်။ ဒါမှသာ သူတို့က ဘယ်လိုပုံစံဆိုရင်တော့ အဆင်ပြေမယ် ဆိုတာမျိုးကို အကြံပေးနိုင်မယ်။ ထိရောက်မယ်။ ကာယကံရှင်တွေနဲ့ ပူးပေါင်းလုပ်ဖို့ လိုအပ်နေတယ်။ လုပ်ပေးတယ် ပြီးပြီ ဆိုတာမျိုးကတော့ လုံးဝအဆင်မပြေပါဘူး။ အနာဂတ်မှာ မသန်စွမ်းတွေရဲ့ အသံကို နားထောင်ပေးပါ။” လို့ မသန်စွမ်းတွေအတွက် သယ်ယူပို့ဆောင်ရေးအဆင်ပြေဖို့ ဆောင်ရွက်နေတယ်ဆိုတဲ့အပေါ် ဦးသာခိက မသန်စွမ်းတွေကိုယ်စား ခုလိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ YRTA က မသန်စွမ်းတွေအားလုံး  အဆင်ပြေပြေ သွားလာနိုင်စေဖို့အတွက် မော်တော်ယာဉ်လိုင်း၊ ရေကြောင်း၊ မီးရထားတွေအကုန်လုံးမှာ  စီစဉ်ဆောင်ရွက်နေကြောင်းနဲ့ သိပ်မကြာခင် YBS 21 ယာဉ်လိုင်းကနေ မသန်စွမ်းသူတွေနဲ့ ကျန်းမာရေးမကောင်းသူ၊ သက်ကြီးရွယ်အိုတွေအတွက် အဓိက ထားတဲ့ ယာဉ်လိုင်းလည်း ပြေးဆွဲတော့မှာဖြစ်တယ်လို့ YRTA မှ ဒေါက်တာမောင်အောင်က ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

“သူတို့ပြောတာက တချို့ဆို နားမကြားဘူး၊ မျက်စိမမြင်ဘူး ကားစီးလို့မရဘူး။ ဒါပေမယ့် ခုဆိုကျွန် တော်တို့ ကုမ္ပဏီကားတွေမှာ အသံနဲ့မှတ်တိုင်ကြေငြာပေးနေပြီ။ နားမကြားတဲ့သူတွေအတွက်လည်း Led နဲ့ မှတ်တိုင်တွေ ကြေငြာပေးတာရှိနေပြီ။ ဦးစားပေးခုံတွေလည်း ပါပြီးသား။ မသန်စွမ်းတွေအတွက် အနာဂတ် အစီအစဉ်တွေ ရှိပါတယ်။ ရေရှည်အတွက် ထိခိုက်မှုနည်းအောင် ဘာတွေလုပ်မလဲဆိုတဲ့ အစီအစဉ်တွေလည်းရှိပါတယ်။ မကြာခင်မှာလည်း သူတို့အတွက် ကားလိုင်းပြေးဆွဲသွားတော့မှာပါ” လို့ ဆိုပါတယ်။

ဦးသာခိကတော့ ယနေ့ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ ဘတ်စ်ကားအားလုံးမှာ တွန်းလှည်းစီးနိုင်တဲ့ ဘတ်စ်ကား တစ်စီးမှ မရှိသေးသလို၊ မသန်စွမ်းတွေအတွက် ပြေးဆွဲပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ရေကြောင်း၊ မြို့ပတ်ရထား၊ မိုးပျံရထား၊ မော်တော်ယာဉ် အားလုံးဟာ မသန်စွမ်းတွေအတွက် ဘယ်လောက်အတိုင်းအတာအထိ အဆင်ပြေနိုင်မလဲဆိုတာ စဉ်းစားဖို့လိုကြောင်းနဲ့ လက်ရှိဆောက်လုပ်ပြီးဖြစ်တဲ့ ဂုံးကျော်တံတား  စတဲ့ လမ်းပန်းဆက်သွယ်ရေး အားလုံးက လူကောင်းတွေအတွက်ပဲ အဆင်ပြေနေသရွေ့တော့ ဘယ်လိုပင် တိုးတက်တယ်လို့ဆိုပါစေ တကယ့်လက်တွေ့မှာ တိုးတက်တယ်လို့ မခေါ်နိုင်ဟုလည်းပြောဆိုပါတယ်။

မသန်စွမ်းတွေအနေနဲ့ လက်ရှိကြု့တွေ့ရင်ဆိုင်နေရတဲ့ အခက်တွေများစွာထဲမှာ သွားလာရေးအပိုင်း အဆင်မပြေသလို အလုပ်အကိုင်အခွင့်အလမ်း လျှောက်ထားတဲ့အခါမှာလည်း ပညာအရည်အရည်အချင်းပိုင်း ပြည့်မီခဲ့ပေမယ့် ခန္ဒာကိုယ်အစိတ်ပိုင်း မသန်စွမ်းတဲ့အတွက် ငြင်းပယ်ခံနေရတာကြောင့် မသန်စွမ်းတွေအနေနဲ့ အများနည်းတူ ရသင့်ရထိုက်တဲ့ အခွင့်အရေး လက်တွေ့အမှန်တကယ်ရရှိဖို့ လိုအပ်တယ်လို့ ပညာရေးပြည့်မီပါသော်လည်း ခန္ဒာကိုယ်မသန်စွမ်းတဲ့အတွက် အစိုးရဌာနတစ်ခုကနေ အလုပ်ခန့်အပ်ဖို့ ငြင်းပယ်ခြင်းခံခဲ့ရတဲ့ ကမာရွတ်မြို့နယ်မှာနေထိုင်တဲ့ မမာဝေက ပြောပါတယ်။

ယနေ့ မြန်မာနိုင်ငံမှာ  ကိုယ်အင်္ဂါချို့တဲ့သူ၊ အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံမသန်စွမ်းသူ၊ ညဏ်ရည်မသန်စွမ်းသူ ဆိုပြီး မသန်စွမ်းအမျိုးအစား လေးမျိုးရှိပါတယ်။ အရေအတွက်က ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှု စစ်တမ်းတွေအရ နိုင်ငံရဲ့ လူဦးရေ ၄.၆ ရာခိုင်နှုန်းဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW