မာန်အောင်ကမ်းခြေမှာ သင်္ဘောနစ်မြုပ်မှု လှေအခက်အခဲကြောင့် ကယ်ဆယ်ရေးမလုပ်နိုင်သေး

မာန်အောင်၊ ဖေဖော်ဝါရီ ၁၁-၂၀၁၉

ခိုင်လင်းစံ(VOM)

ရခိုင်ပြည်နယ် တောင်ပိုင်း ပင်လယ်ကျွန်းမြို့ဖြစ်တဲ့ မာန်အောင်မြို့နယ်အနီးမှာ ဒီကနေ့မနက်ပိုင်းကရာသီဥတုဆိုးရွား မှုကြောင့် သင်္ဘောတစ်စီးနစ်မြုပ်သွားခဲ့တာကြောင့် သင်္ဘောပေါ်မှာပါလာသူတွေ သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ မာန်အောင်ကမ်းခြေနဲ့ ၄ မိုင်ခန့်အကွာ ပင်လယ်ပြင်ထဲမှာ နစ်မြုပ်သွားခဲ့တာဖြစ်ပြီး လဖက်ကျွန်းမီးပြတိုက်ကို ပြုပြင်ဖို့သွားတဲ့အချိန် နံနက် ၄ နာရီခွဲလောက်မှာ နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။

“မီးပြတိုက်ကိုပြင်ဖို့သွားတဲ့သင်္ဘောနစ်မြုပ်သွားတာဟုတ်ပါတယ်။ သင်္ဘောပေါ်မှာတော့ လူအကုန်လုံး ၂၅ ဦးပါသွားတယ်။ လောလောဆယ်တော့ အဲဒီနေရာကိုသွားဖို့အတွက် လှေမရှိလို့ ကယ်ဆယ်ရေးတွေမလုပ်နိုင်သေးဘူး။ မထမသွားတဲ့လှေကလည်း ငါးဖမ်းလှေတွေဆိုတော့ လှိုင်းအနေအထားကြောင့် နောက်တစ်ခေါက်သွားလို့မရဖြစ်နေတယ်။”လို့ မာန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝေကပြောပါတယ်။

ဒါ့အပြင် အဲဒီသင်္ဘောနစ်မြုပ်ရာမှာပါဝင်သူတွေထဲက ၇ ကိုတော့ ငါးဖမ်းလှေတွေကနေ အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့ပြီးဖြစ်ကာ ကျန်တဲ့အလောင်းတွေကိုတော့ ထပ်မံရှာဖွေမှုတွေပြုလုပ်နိုင်ဖို့ အခက်အခဲရှိနေသေးတာဖြစ်ပါတယ်။

“အဲဒီသင်္ဘောက ဆိပ်ကမ်းအာဏာပိုင်ကသင်္ဘောပါ။ အခုဆိပ်ကမ်းအားဏာပိုင်ကနေ သင်္ဘောနဲ့လာနေတယ်လို့ပြော တယ်။ ဖြစ်တာက မနက်ပိုင်းမှာ လှိုင်းကြီးပြီးတော့ အဲဒီလှိုင်းပုတ်တဲ့ဒဏ်နဲ့ သင်္ဘောမှန်ကွဲသွားတယ်။ အဲဒီကနေ ရေ၀င်ပြီးတော့ နစ်မြုပ်သွားတာလို့သိရတယ်။”လို့ ရဲမှူးမြင့်ဝေက ပြောပါတယ်။

အဲဒီ သင်္ဘောဟာ အခုလ ၇ ရက်နေ့က ရန်ကုန်ကနေထွက်လာခဲ့တာဖြစ်ပြီး ၉ ရက်နေ့မှာ မာန်အောင်ကမ်းခြေကိုရောက်ရှိခဲ့ပြီး မီးပြတိုက်ပြုပြင်ရေးအဖွဲ့က တချို့တို့ဟာ မီးပြတိုက်ပေါ်မှာနေပြီး တချို့မှာ သေင်္ဘာပေါ်မှာနေကြတာဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW