အရည်အသွေးကောင်းတဲ့ ပြည်တွင်းဖြစ်ပစ္စည်းတွေကို ပြည်သူတွေ အားပေးဖို့လိုအပ်နေ

ရန်ကုန် ဖေဖော်ဝါရီ ၁၁-၂၀၁၉

TGH (VOM)

ပြည်တွင်းထွက်ကုန်ဈေးကွက် ရှင်သန်ဖို့ဆိုရင် ပစ္စည်းအရည်အသွေးကောင်းဖို့လိုသလို မြန်မာပြည်သူတွေ ပြည်တွင်းဖြစ်ပစ္စည်းတွေကို အဓိကအားပေးဖို့လိုအပ်နေကြောင်း ပြည်တွင်းထုတ်ကုန် လုပ်ငန်းရှင်အချို့က ပြောပါတယ်။

“ အခုဆို လူတွေက အရမ်းသိမြင်လာတယ်။ ပစ္စည်းတစ်ခုထုတ်လိုက်တယ်ဆိုရင် ဒါကိုဘယ်သူက ထုတ်တာလဲ ၊ ဘယ်လိုအာမခံမှုတွေရှိလဲ စသဖြင့် သိချင်ကြတယ်။ ဒါလည်းဖြစ်သင့်ပါတယ်။ ဘာကြောင့်ဆို ဘယ်သူထုတ်မှန်းလည်းမသိဘူး ၊ ဘယ်လိုအာမခံမှုတွေရှိမှန်းလဲမသိဘူးဆိုရင် စားသုံးသူက ဘယ်ရွေးချယ်မလဲ။ အဓိကပြောချင်တာ အရည်သွေးကောင်းဖို့ ၊ ပြည့်မီဖို့အရေးကြီးတယ်။မဟုတ်ရင် ဈေးကွက် မှာလည်းအဆင်မပြေနိုင်ဘူး။”လို့ မြန်မာအစားအစာ ထန်းလျက်ကို အရသာ ၊ ဒီဇိုင်း ဖန်တီးပုံဖော်ပြီး ပြည်တွင်း ထုတ်ကုန်ပစ္စည်းတစ်ခုဖြစ် ထုတ်လုပ်ဖြန့်ချီနေတဲ့ Tree Food မြန်မာရဲ့ တည်ထောင်သူ မချိုလဲ့အောင်က ပြောပါတယ်။

လက်ရှိပြည်တွင်းထုတ်ကုန်ဈေးကွက်မှာ အမှန်တကယ် အရည်သွေးကောင်းတဲ့ပစ္စည်းတွေရှိသလို အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကိုလည်း တွေ့နေရပါတယ်။ဒါကြောင့် ပြည်တွင်းစားသုံးသူ အများစုက  made in Myanmar ဆိုလျှင် ယုံကြည်စိတ်ချစွာနဲ့ မ၀ယ်ယူရဲဘူးလို့လည်း ရန်ကုန်မြို့နေ ဒေါ်အေးမြင့်က ဆိုပါတယ်။

“ အမှန်က ကိုယ့်နိုင်ငံထွက်တဲ့ဟာကိုပိုသုံးချင်တယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံက ဂျင်းထည့်မယ်ဆိုတာကများ နေတယ်။ အချင်းချင်းမို့ ကောင်းကောင်းလုပ်မယ်မရှိကြဘူး။ ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ပေါ့။ တကယ်အရည်အသွေး ရှိတဲ့ဟာတွေလည်း ရှိပါတယ်။ ဥပမာ ပုဂံမှာ ယွန်းပစ္စည်းတွေရောင်းကြတယ်။ အဲ့မှာ အမ ယွန်းလက်ကောက် ၀ယ်ဖူးတယ် ။ဈေးနှုန်းတော့မမှတ်မိဘူး ။ မနက်ဝယ်တယ်၊ နောက်နေ့မနက်ရောက်တော့ လက်ကောက်က  ဆေးရောင်တွေကျွတ်ပြီး ရုပ်ပျက်သွားတယ်။ ဒါကြောင့် ဈေးကိုလည်း အရည်အသွေးပေါ်မူတည်ပြီး သတ် မှတ်ကြပါ။ တကယ်အရည်အသွေးအတွက်ကိုလည်း အပြည့်အ၀ လုပ်မယ်ဆိုရင် ကောင်းမယ်၊ တစ်ချို့ပစ္စည်းတွေကျလည်း ဈေးနှုန်းကအရမ်းများတယ်။ ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းတွေကို ပြင်ပမှာလည်း ၀ယ်ယူနိုင်သလို အွန်လိုင်းကနေလည်း ၀ယ်ယူနိုင်တဲ့ ၀န်ဆောင်မှုတွေရှိလာတာကိုတွေ့ရပါတယ်။ ယခုလို အွန်လိုင်းကနေ မှာယူနိုင်တဲ့စနစ်ဟာ ပြည်တွင်းဖြစ်ပစ္စည်းဈေးကွက်ကို တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုပင်အထောက်အပံ့ဖြစ်ပါစေ ၀ယ်လိုအားမရှိဘူးဆိုလျှင် ပစ္စည်းအများကြီးထုတ်လုပ်နိုင်မှာ မဟုတ်သလို ဈေးကွက်ရှင်သန်ဖို့လည်း အခက်ခဲဖြစ်တယ်လို့သိရပါတယ်။

တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာ့ရိုးရာလက်မှုအနုပညာ ပစ္စည်းတွေအပါအ၀င် ပြည်တွင်းထုတ်ကုန်တွေကို လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်ပြီး အွန်လိုင်းကနေ ရိုးရာဈေး E-commerce Platform ဖွင့်လှစ်စီစဉ်နေတဲ့ MOSD ကုမ္ပဏီရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာအောင်ဟိန်းကလည်း သူရဲ့လုပ်ငန်းအတွေ့အကြုံအရခုလိုပြောပါတယ်။

“၀ယ်လိုအားမရှိဘူး ဈေးကွက်ကလည်းကျဉ်းမယ်ဆိုရင် ပစ္စည်းတွေအများကြီးမထုတ်နိုင်ဘူ့း။ထုတ်တဲ့ပစ္စည်း နည်းနည်းကျလည်း ကုန်ကျစရိတ်အလိုက်ဈေးနှုန်းတင်ပြီးရောင်းကြမယ်၊ဒီတော့ ရိုးရာပစ္စည်းတွေက ဈေးကြီး တယ်ပေါ့။အဲ့ဒီမှာ ၀ယ်လိုအားက ကျပြန်ရော၊ ဒါကြောင့်ဈေးကွက်ကျယ်ပြန်ပြီး ၀ယ်လိုအားကောင်းမှပဲ ဈေးနှုန်း ကလည်းသင့်တင့်မျှတတဲ့ ပုံမှန်ဖြစ်မယ်။ နောက်ပြီး ဒီလိုပြည်တွင်းဈေးကွက်ကိုထိန်းသိမ်းချင်တယ်၊ ရှင်သန်စေ ချင်တယ်ဆိုရင် ပြည်တွင်းဖြစ်ကိုမြန်မာပြည်သူတွေအဓိကအားပေးမှဖြစ်မယ်။ တချို့ပစ္စည်းတွေမှာ နိုင်ငံခြားကို ယှဉ်နိုင်တာရှိသလို မယှဉ်နိုင်တာလည်းရှိတယ်။ ဒါကြောင့် ပြည်တွင်းဖြစ်က အရည်အသွေးကောင်းရင် တခြားထက် ပြည်တွင်းဖြစ်ကိုပဲ အားပေးပါ”လို့ ဆိုပါတယ်။t

 

Related posts

Leave a Comment

VOM News

FREE
VIEW