ပေါက်မြို့နယ် ရွှေမုဋ္ဌော၊ ရွှေပေါင်းလောင်းဘုရားဖူးခရီးစဉ်နဲ့ ရေပြာယောချောင်းသာ အပန်းဖြေစခန်းဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၁၉

TGH (VOM)

 

ပေါက်မြို့နယ်ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌော၊ရွှေပေါင်းလောင်းဘုရားဖူးခရီးစဉ်နဲ့  ရေပြာယော-ချောင်းသာ အပန်းဖြေစခန်းကို ရွှေစက်တော်၊ အလောင်းတော် ကဿပ ဘုရားဖူးရာသီချိန်အတိုင်း ဖွင့်လှစ်သွားမယ်လို့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

 

ဒီ ဘုရားဖူးခရီးစဉ်နဲ့ အပန်းဖြေစခန်းကိုတော့ ယခုနှစ်မှလုပ်ဆောင်တာဖြစ်ပြီး ဒီနေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာပဲ ဖွင့်ပွဲအခမ်းအနားနဲ့ သတင်းစာရှင်းလင်းပွဲကို မကွေးတိုင်း၊ပေါက်မြို့နယ်၊  ရွှေမုဋ္ဌော၊ ရွှေပေါင်းလောင်းဘုရားမှာ ပြုလုပ်ခဲ့ပါတယ်။

 

ဒါနဲ့ပတ်သက်လို့ ဂေါပကဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်အေးက ”  ရွှေစက်တော်ဆိုလည်း အပန်းဖြေစခန်းရှိတော့ စိတ်ဝင်စားကြတယ်။ ဒါကြောင့်ဒီမှာလည်း ယောချောင်းရှိတယ် ရွှေစက်တော် ထက်လည်းကျယ်တယ်ဆိုတော့ နောက်ပိုင်းဒီနေရာက စည်ကားလာမယ်ဆိုတာ သေချာပါတယ်။ နောက်ဆိုရင် ဘုရားဖူးခရီးပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး ခရီးသွားတွေ ပို့ဆောင်ပေးဖို့ လုပ်သွားမှာဖြစ်တယ်။ ဒီခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင် ဒီပေါက်မြို့နယ်လည်း တိုးတက်မယ်၊ ဒေသခံတွေအတွက်လည်း စီးပွားရေး လူမှုရေး အကုန်လုံးမြင့်တက်လာမယ်၊ ဒေသဖွံ့ဖြိုးရေးလည်း ပိုလုပ်ဆောင်လာနိုင်မယ်”လို့ ဆိုပါတယ်။

 

ရွှေမုဋ္ဌော၊ ရွှေပေါင်းလောင်း ဘုရားဖူးခရီးစဉ်က ဘုရားပူဇော်ပွဲကာလမှာပဲ  ခရီးသွားဧည့်သည်တွေနဲ့ စည်ကားပြီး ကျန်အချိန်တွေမှာတော့ ဘုရားဖူးခရီးသွားကားတွေ လာရောက်တာ မရှိသလို အနီးပတ်ဝန်းကျင်က ဧည့်သည်တွေလည်း လာရောက်မှုမရှိတဲ့အတွက် ဒီနှစ်ကနေစတင်ပြီး ရွှေစက်တော်နဲ့ အလောင်းတော်ကဿပဖွင့်တဲ့ ရာသီအတိုင်း စီမံဆောင်ရွက် ဖွင့်လှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ထို့အတူပဲ အပန်းဖြေစခန်းကိုပါတွဲပြီး ဖွင့်လှစ်ခြင်းပြီး မနက်ဖြန်  ဖေဖော်ဝါရီ ၁၈ရက်နေ့က စပြီး အပန်းဖြေစခန်းအတွင်းမှာ ဆောက်လုပ်ထားတဲ့ တဲတစ်ခုကို တစ်နာရီ ၅၀၀၀ ကျပ်နဲ့ ငှါးရမ်းမှာဖြစ်သလို ကားတွေအတွက် ယာဉ်ရပ်နားတဲ့အခါမှာ တစီးကို ၁၀၀၀ ကျပ်ကောက်ခံသွားမှာဖြစ်ပါတယ်။ ကောက်ခံမှုကနေရရှိလာတဲ့ ငွေတွေကိုတော့ ဘုရားကြီး ဘက်စုံပြုပင်မွမ်းမံရန်နှင့် အပန်းဖြေစခန်း ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အသုံးချသွားမယ်လို့ သိရပါတယ်။

 

“လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အားလုံးစီစဉ်ထားပါတယ်။ ဝင်ကြေးသဘောမျိုးမဟုတ်ပဲ ကားဝင်ကြေးကောက်မယ်၊ ဆိုင်ကယ်တော့မကောက်ဘူး။ အပန်းဖြေစခန်းကို ဧရိယာသတ်မှတ်မယ်။ ဈေးသည်တွေက သတ်မှတ်ဧရိယာအပြင်မှာ ရောင်းရမယ်၊ ဘာငွေကြေးမှမကောက်ခံပါဘူး၊ တခုတော့ရှိတယ် သဘာဝပတ်ဝန်းကျင် အတွက် အမှိုက်စွန့်ပစ်မှုကိုတော့ သေချာလုပ်ရမယ်” လို့ ဘုရားတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

 

လုံခြုံရေးအတွက် နေ့စဉ် မီးသတ်အင်အား ဆယ်ယောက်ကျော် ချထားပေးမှာဖြစ်ပြီး ဈေးရောင်းချမဲ့ ဈေးသည်တွေအနေနဲ့ အပန်းဖြေစခန်း သတ်မှတ်ဧရိယာပြင်ပမှာ ရောင်းချရ

မှာဖြစ်ပြီး ညနေ လေးနာရီထိုးတိုင်း အမှိုက်တွေကို သိမ်းဆည်ရမှာဖြစ်ပါတယ်။ အကယ်၍ အမှိုက်မသိမ်းဆည်းသူတွေကိုတော့ ဈေးရောင်းချခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

ရွှေမုဋ္ဌော ရွှေပေါင်လောင်းဘုရားနဲ့ ရေပြာ ယောချောင်းသာအပန်းဖြေစခန်းက ပခုက္ကူမြို့ အနောက်ဘက် ၃၂ မိုင် ၄ ဖာလုံအကွာ၊ ပုသိမ် မုံရွာကားလမ်းပေါ်၊ ပေါက်-ပခုက္ကူ ကားလမ်းဆုံရာ လမ်းဆုံအနီးကမ်းစပ်မှာ တည်ရှိတာဖြစ်ပါတယ်။

 

တကယ်လို့ ရွှေစက်တော်ကနေလာမယ်ဆိုရင်လည်း ပုသိမ်မုံရွာလမ်းအတိုင်းလာလို့ရပြီး  မိုင် ၁၀၀ ဝန်းကျင်ရှိပါတယ်။ ကားနဲ့သွားမယ်ဆိုရင် အချိန် ၄ နာရီဝန်းကျင်ရှိပါတယ်။

ရွှေပေါင်းလောင်းကနေ တဆက်တည်း အလောင်းတော်ကဿပကိုလည်း ဆက်သွားလို့ရပါတယ်။ ပုသိမ်-မုံရွာ လမ်းအတိုင်း မြိုင်၊ ရေစကြို၊ ပုလဲ၊ ယင်းမာပင် ကနေ သွားရတာဖြစ်ပြီး မိုင်အားဖြင့် ၆၄ မိုင် ၆ ဖာလုံရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW