ပျူရိုးရာ ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့မှာ အစဉ်လာမပျက် စည်ကားစွာကျင်းပ

ပြည် ဖေဖေါ်ဝါရီ ၁၉ – ၂၀၁၉

လမင်း (VOM)

 

ပျူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု ဘာသာရေးပွဲတော်တစ်ခုဖြစ်တဲ့ ဥာဏ်ရိုးမီးပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တပို့တွဲလပြည့်နေ့ မနက် ၄ နာရီအချိန်ခန့်က ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးမှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။

ဥာဏ်ရိုးမီးပူဇော်ပွဲကိုကျင်းပလာခဲ့တာဟာ  နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ရှိပြီဖြစ်ပြီး မြန်မာနိုင်ငံမှာ အထူးခြားဆုံး ရှေးရိုးရာဘာသာရေးပွဲတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းအေးတဲ့ တပို့တွဲလရာသီမှာ ဗုဒ္ဓဘုရားရှင်ကို အလင်းဓာတ်နဲ့ အနွေးဓာတ်လှူဒါန်းလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့တာကြောင့် ဒီနေ့ခေတ်လူငယ်တွေထိ လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ် ။

တပို့တွဲလပြည့်နေ့မတိုင်မီ တောသူတောင်သားတွေဟာ  တောတောင်တွေထဲက ဆင်စွယ်အလားသဏ္ဍန်တူပြီး  ဥာဏ်ပင်လို့ခေါ်တဲ့ အဖြူရောင်အဆင်းရှိ ပေါ့ပါးတဲ့ သစ်ကိုင်းချောင်းကလေးတွေကို ခုတ်ယူနေပူလှန်း လှပမှုရှိအောင်အချောကိုင်ပြီး ရွှေဆံတော်ဘုရားကြီး မြောက်စောင်းတန်းအရှေ့ဘက်မှာ ရောင်းချကြပါတယ်။

ကိုယ်တိုင်မခုတ်နိုင်သူတွေက အဲဒီဆိုင်တွေကနေဝယ်ပြီး ဥာဏ်ရိုးမီးပူဇော်ပွဲကိုလုပ်လာတာ ဒီနေ့အချိန်ထိဖြစ်ပါတယ်။ တပို့တွဲလပြည့်နေ့ နံနက် ၄ နာရီကနေ  နံနက် ၆ နာရီအထိ ကျင်းပပြုလုပ်ကြပြီး စေတီတော်ကြီးတောင်ဘက်စောင်းတန်းအောက် အုတ်စီထားတဲ့  မီးပုံကွင်းမှာ လာရောက်ပူဇော်သူတွေပ အဝေးကနေ ဥာဏ်ရိုးတွေကို  မီးပုံထဲပစ်ထည့် မီးပူဇော်ပြီး လိုရာဆုတောင်းရင် ပြည့်တယ်လို့ ယုံကြည်တာကြောင့် ခုလို ဥာဏ်ရိုးမီးပူဇော်ပွဲ နှစ်စဉ်မပျက် ကျင်းပလာတာဖြစ်ပါတယ်။

ဥာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့ပေါ်ကဒေသခံတွေသာမက အနီးဝန်းကျင်က ယုံကြည်သူတွေလည်း လာရောက်ပူဇော်ကြတဲ့အတွက် တပို့တွဲလပြည့်နေ့ဟာ အမြဲစည်ကားလျှက်ရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW