ကုလသမဂ္ဂမှာ ရိုဟင်ဂျာအရေးဆွေးနွေးဖို့ တောင်းဆိုချက် တရုတ်ကန့်ကွက်

နယူးယောက်၊ ဖေဖော်ဝါရီ-၂၂-၂၀၁၉

မျိုးဆက်( VOM)

 

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အခြား ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်ခြောက်နိုင်ငံက ရိုဟင်ဂျာပြသနာအပါအ၀င် မြန်မာ့အရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် တရုတ်နိုင်ငံရဲ့ ကန့်ကွက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ သံတမန်တွေက ပြောပါတယ်။

 

အဆိုပါဆွေးနွေးပွဲကို လာမည့်သီတင်းပတ်မှာ ပြုလုပ်ဖို့ တောင်းဆိုထားကြတာဖြစ်ပြီး မြန်မာနိုင်ငံကို လွန်ခဲ့တဲ့လက ၁၂ ရက်ကြာသွားရောက်ပြီး ရိုဟင်ဂျာအရေးဆွေးနွေးခဲ့တဲ့ ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှာရာနာဘာဂျင်နာရဲ့ အစီရင်ခစာကို ကြားနာမှာဖြစ်ပါတယ်။

 

ခရစ္စတင်း ရှာရာနာဘာဂျင်နာဟာ အထူးသံတမန်ခန့်အပ်ခံရပြီးကတည်းက လွန်ခဲ့တဲ့နှစ် ဧပြီလကစလို့ မြန်မာနိုင်ငံကို လေးကြိမ်လာရောက်ခဲ့ပြီး အကြိမ်တိုင်းမှာ အစီရင်ခံစာ ရေးသားတင်ပြခြင်းမရှိခဲ့ပါဘူး။

 

ရိုဟင်ဂျာပြသနာနဲ့ ပတ်သတ်ပြီး လုံခြုံရေးကောင်စီမှာဆွေးနွေးရေး တောင်းဆိုချက်ကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် စတဲ့ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံသုံးနိုင်ငံနဲ့အတူ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပိုလန်၊ ကူဝိတ်၊ ပီရူးနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတို့က ထောက်ခံထားကြပြီး တရုတ်နိုင်ငံကတော့ ဆွေးနွေးပွဲမပြုလုပ်ရေး ကန့်ကွက်လို့နေပါတယ်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ လုပ်ငန်းစဉ်တစ်ရပ်ကို မဲခွဲဆုံးဖြတ်ရာမှာ အမြဲတမ်းအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ကိုးနိုင်ငံက ထောက်ခံမယ်ဆိုရင် ယင်းလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။

 

လွန်ခဲ့တဲ့နှစ်အောက်တိုဘာလက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ ရိုဟင်ဂျာဆိုင်ရာ တွေ့ရှိချက်အစီရင်ခံစာတစ်ခုကို လုံခြုံရေးကောင်စီမှာ ဆွေးနွေးမယ်အစီအစဉ်ကို တရုတ်နိုင်ငံက တားဆီးဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

 

မြန်မာတပ်မတော်နဲ့ နီးကပ်တဲ့ဆံဆက်ရေးရှိတဲ့တရုတ်နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြသနာကို ဆင်းရဲမှုနဲ့ ဆက်နွယ်နေတဲ့ ပြသနာတစ်ရပ်အဖြစ် ဆင်ခြေပေးထားပြီး မြန်မာအာဏာပိုင်တွေအပေါ် ဖိအားပေးတာမှန်သမျှကို ဆန့်ကျင်ထားပါတယ်။

 

Ref & Photo:  AFP

Related posts

Leave a Comment

VOM News

FREE
VIEW