သက်တမ်းကုန်နေတဲ့ ဦးရွှေမန်းကော်မရှင် သက်တမ်းတိုးမပေးတော့

ဖေဖေါ်ဝါရီ ၂၈-၂၀၁၉

နေလင်း (VOM)

 

သူရဦးရွှေမန်း ဦးဆောင်နေတဲ့  “ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်” သက်တမ်းတိုးရေး ကိစ္စကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၈ရက် မနက်ပိုင်းက ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတင်ပြရာ၊ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။

 

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်တာမှာ  မဲပေးခွင့်ရှိသူ ၆၀၈ ယောက်ရှိတဲ့အနက်  ထောက်ခံမဲ ၂၀ ၊ ကန့်ကွက်မဲ ၅၅၅ ၊ ကြားနေ ၁၀ မဲ နဲ့ ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကန့်ကွက်မဲများလို့ ကော်မရှင်ကို  ဖျက်သိမ်းရတော့မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ခုလိုဝေဖန် သုံးသပ်ပါတယ်။

“ကန့်ကွက်မဲအများစုနဲ့ဆုံးဖြတ်လိုက်တာက သိပ်ထူးခြားတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပါတီသစ်ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ဖို့ခွင့်ပြုတော့မယ်လို့ထင်မိပါတယ်။ဒီနေ့တောင် ဖြစ်မလား မသိနိုင်ပါ။ တန်းစီစောင့်ပြီး၊ အခုထက်ထိ နောက်တစ်ဆင့်မတက်နိုင်သေးတဲ့ တိုင်းရင်းသားပါတီတစ်ချို့လည်း ရှိနေသေးတယ်လို့တော့ ကြားမိပါတယ်။ ပြဇာတ်တစ်ပုဒ်ကို ထိုင်ကြည့်နေရသလို ခံစားရပါတယ်။ ဇာတ်ညွှန်းအတိုင်း သွားနေကြတယ်ဆိုတာ ထင်ရှားသထက်ထင်ရှားလာနေပါတယ်”  လို့ ဆိုထားပါတယ်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၉  ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်( ခေါ်)  ဦးချိုကတော့

 

“ သူတို့လည်းပါတီထောင်ပြီဆိုတော့ သက်တမ်းတိုးပေးဖို့မလိုတော့ဘူးလည်း နောက် လွှတ်တော်မှာ အခြေခံဥပဒေပြင်ရေးကလွဲပြီး ဥပဒေအတော်များများလည်း ပြင်ပြီးပြီဆိုတော့ ပြည်ထောင်စု လွှတ်တော် ဥပေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဆိုတာ မလိုအပ်တော့ဘူး ။ ကျန်တဲ့ ဥပေဒပြင်ရေး ကိစ္စတွေတော့ ကျနော်တို့ပါတီက ဥပဒေကြမ်းကော်မတီတို့  အခြေခံဥပဒေခုံရုံးတို့နဲ့ တွဲလုပ်သွားဖို့ပဲရှိတာပေါ့  “ လို့ဆိုပါတယ်။

 

ဒီကနေ့ ဖျက်သိမ်းလိုက်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်မှာ သူရဦးရွှေမန်းက ခံစားခွင့်တွေမယူပေမယ့် ကျန်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေဟာ လစာ ၆သိန်းနဲ့ တခြားခံစားခွင့်တွေရခဲ့ရာက ဒီကနေ့ကစပြီး ရပ်နားရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

 

သူရဦးရွှေမန်းဟာ အရင်အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းတချို့နဲ့ပူးပါင်းပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအဖြစ် ထူထောင်ခွင့်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ဆီမှာ လျှောက်ထားဆဲဖြစ်ပြီး မကြာခင် ပါတီထူထောင်ခွင့်ရဖို့ မျှော်လင့်ထားသူဖြစ်ပါတယ်။

#ဓါတ်ပုံ သူရရွှေမန်းဖေ့စဘုတ်

#voiceofmyanmar#ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်#သူရရွှေမန်း#ပြည်ထောင်စုလွှတ်တော်#နေပြည်တော်

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW