ကျောက်ဆည်မှာ မိလ္လာကျင်းဆင်းဆယ်သူ (၅) ဦးအောက်ဆီဂျင်ပြတ်သေဆုံး

ကျောက်ဆည်။ဖေဖော်ဝါရီ ၂၈-၂၀၁၉

မောင်တာရာ (VOM)

 

မန္တလေးတိုင်း၊ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် မြို့ပတ်လမ်းရှိ နေအိမ်တစ်အိမ်မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းအချိန်က မိလ္လာကျင်းဆင်းဆယ်ရာမှ လူ (၅) ဦးအောက်စီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

 

ကြက်မင်းတွန်ရပ်ကွက် မြို့ပတ်လမ်းရှိ ဦးသိန်းထွန်းဦးရဲ့ နေအိမ်ရှိ မိလ္လာကျင်းထဲက အနယ်အနှစ်များ ဆယ်ယူကြတဲ့ မောင်မောင် ၊ကိုနီ၊  အငယ်ကောင် (ခ) ကုလားလေး ၊အေးချမ်း နဲ့ ဒီမို ဆိုသူ တို့ (၅) ဦးစလုံးမှာ အိမ်သာကျင်းအတွင်း အောက်စီဂျင်ပြတ်ပြီး သေဆုံးခြင်းဖြစ်ပါတယ်။

 

”အစကတော့ တစ်ယောက်ပဲ အရင်ဆင်းတာ၊ အဲမှာ သူက မူးတယ် မူးတယ် လို့အော်လို့ တစ်ယောက်ပြီး တစ်ယောက်ဆင်းရင်းကနေ အထဲမှာက မီသိန်းဓာတ်ငွေ့က ထွက်နေတော့ အောက်စီဂျင်မရဖြစ်သွားတယ်၊ အကုန်အောက်စီဂျင်ပြတ်သေကုန်တာ၊ ” ဟု ကြက်မင်းတွန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်မျိုးအောင် က ပြောပါတယ်။

 

အိမ်သာကျင်းအတွင်း အောက်စီဂျင်ပြတ်ပြီး သေဆုံးသူတွေဟာ ည (၈) နာရီကျော်အချိန်က စတင်မိလ္လာဆယ်ယူခြင်းပြုလုပ်ပြီး ည (၁၁) နာရီကျော်အချိန်က သေဆုံးခြင်းဖြစ်ပါတယ်။နံနက် (၁) နာရီအချိန်ကျော်အချိန်မှာတော့ ၎င်းတို့ရဲ့ ရုပ်အလောင်းတွေကို မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ဆယ်ယူခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေ့ရဲ့ ရုပ်အလောင်းတွေကို  ကြက်မင်းတွန် ဒါန/သုခဒါန အသင်းကားတွေနဲ့  ကျောက်ဆည်ဆေးရုံမှ တဆင့် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စစ်ဆေးနိုင်ရန်  ကျောက်ဆည်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၆/၂၀၁၉) နဲ့  စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

 

#voiceofmyanmar#ကျောက်ဆည်#လူငါးဦးသေဆုံး#အိမ်သာကျင်းဟောင်း

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW