ပုဏ္ဏားကျွန်း၊ မတ် ၁၀-၂၀၁၉
ခိုင်လင်းစံ(VOM)
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ ရဲစခန်းကို မတ်လ၉ ရက်ည ၁၁ နာရီလောက်က AA တပ်ဖွဲ့ရဲ့ စီးနင်းတိုက်ခိုက်မှုကို ခံလိုက်ရတာဖြစ်ပါတယ်။
အဲ့ဒီစီးနင်းခံရမှုကြောင့် ယိုးတရုတ်စခန်းနဲ့ အနီးဝန်းကျင်စခန်းတွေမှာ တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ပြီးတော့ စခန်းမှူးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးသာ လွတ်မြောက်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
“မနေ့ကည ၁၁ နာရီလောက်မှာ စဖြစ်တာပါ။ ပစ်ခတ်သံတွေကို အဲ့ဒီမှာ စပြီးကြားရတာပေါ့။ စခန်းမှူးနဲ့နောက်တစ်ယောက်လွတ်ကျန်ခဲ့တယ် ၉ ယောက်သေတယ်။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီစခန်းမှာကျဆုံးသွားတဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့အလောင်းတွေကို လာရောက်စစ်ဆေး ရှင်းလင်းတာတွေမလုပ်ရသေးဘူးလို့ပြောပါတယ်။
“အလောင်းတွေကတော့ စခန်းရှေ့မှာပဲ ဒီတိုင်းတွေ့နေရပါတယ်။ တာဝန်ရှိသူတွေ မရောက်ကြသေးဘူးလို့ပြောတယ်။”လို့ အဲ့ဒီရွာသားကဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာနားမှာ ရဲတပ်ဖွဲ့ကားတန်းကို တိုက်ခိုက်ခံလိုက်ရတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်တပ်မတော်နဲ့တိုက်ပွဲစဖြစ်ကတည်းက ရဲကင်းစခန်းတွေဟာ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပါတယ်။
#voiceofmyanmar #ပုဏ္ဏားကျွန်း #ယိုးတရုတ် #ရဲစခန်း #AA