မန္တလေး၊ မတ် ၁၂-၂၀၁၉
ဟိန်းကို(VOM)
မန္တလေးတိုင်းမှာ စိုက်ပျိုးရောင်းချနေတဲ့ မြန်မာ့သရက်သီးတွေကို ပြည်ပနိုင်ငံ တရုတ်ပြည်ကို အရင်ကတည်းက တင်သွင်းရောင်းချခဲ့ရာမှာ ၂၀၁၈ခုနှစ်ပိုင်းကစပြီး တန်ချိန် ၅ထောင်ကျော် ရောင်းအားကျဆင်းခဲ့တယ်လို့ မန္တလေးတိုင်း သရက်အစုအဖွဲ့ ကနေ သိရပါတယ်။
” တရုတ်ပြည်ဘက်က လွန်ခဲ့တဲ့၅နှစ်ကတည်းက သရက်သီးတွေစိုက်တယ်၊ သူတို့အစိုးရကိုယ်တိုင်က သရက်သီးဇုံဆိုပြီး စနစ်တကျစိုက်ပျိုးခိုင်းတယ်၊ နေရာမလပ်စိုက်ခိုင်းတဲ့အပြင် ပညာရှင်တွေပါ ဝိုင်းကူလုပ်တယ်၊ သူတို့ဆီကို ဒီက အမြဲတမ်းသွားနေတဲ့ မြန်မာသရက်သီးတင်ပို့တဲ့ ဈေးကွက်မရှိတော့ဘူးဆိုရင် မကြာခင်နှစ်အတွင်းမှာ မြန်မာသရက်သီးတွေကို ဘောလုံးကန်ရမလား၊ ရေချိုးရမလားဆိုတာတွေ ဖြစ်လာနိုင်တယ်” လို့ မန္တလေးတိုင်းသရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောပါတယ်။
အချို့မြန်မာသရက်သီးတွေဟာ ရာသီဥတု ပြောင်းလဲမှုရယ်၊ အရည်အသွေးပိုင်းဆိုင်ရာ ကျဆင်းမှုတွေကြောင့် ခုလို တင်ပို့ရောင်းချ မှု ကျဆင်းခဲ့တာဖြစ်ပါတယ်။
“တရုတ်ပြည်ဘက်က မျှော်လင့်တာက အရည်အသွေးသိပ်မြင့်တဲ့ သရက်သီးတွေကို လိုချင်ကြတယ်၊ နောက်တစ်ခါ ကျွန်တော်တို့ဆီက ရာသ်ီဥတုပြောင်းလဲတာရယ်၊ အတွေ့အကြုံနည်းတဲ့ တောင်သူအငယ်စားလေးတွေက ရင့်မှည့်ချိန်မရောက်သေးပဲ သွားရောင်းလိုက်တဲ့အတွက် ဈေးကွက်တစ်ခုပျက်သွားတယ် ၊ အဲ့အပေါ်မှာ သူတို့က ဝယ်လိုအားတွေနည်းပြီး အရင်နှစ်တွေမှာ တန်ချိန် ၃သောင်းရောင်းရရင် ၂၀၁၈ခုနှစ်ကစပြီး တန်ချိန်၅ထောင်ကျော် ကျဆင်းခဲ့တာ ဖြစ်ပါတယ်” လို့ အမရပူရမြို့နယ် ဗေဒါမန်းဂိုး သရက်ခြံတောင်သူ ၊ မန္တလေးတိုင်းသရက်အစုအဖွဲ့ အတွင်းရေးမှူး ဦးတင်အေး က ပြောပါတယ်။
မြန်မာ့သရက်သီးကို အရင်ကတည်းက တရုတ်ပြည်တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလာခဲ့တာဖြစ်ပြီး ခုလိုအခြေနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကြောင့် ယခုနှစ်ပိုင်းမှာ မြန်မာသရက်သီးစိုက်ပျိုးသူတချို့က ဒူဘိုင်း၊ စင်္ကာပူ ၊ ဟောင်ကောင် စတဲ့နိုင်ငံတွေကို ဈေးကွက်အသစ်ရရှိအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
#voiceofmyanmar #သရက်ဈေးကွက် #မြန်မာ့သရက် #ကုန်သွယ်ရေး