မြောက်ဦးမြို့ဟာ ခရီးသွားဒေသဖြစ်တာကြောင့်  တိကျတဲ့ အခြေအနေတွေထုတ်ပြန်ပေးဖို့ လိုအပ်

ရန်ကုန် ၊မတ် ၂၂

TGH (VOM)

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်ကနေ ထုတ်ပြန်ကြေငြာချက်တွေဟာ  ဆိုရှယ်မီဒီယာပေါ်မှာဖော်ပြနေတဲ့ အချက်အလက်တွေလောက်မပြည့်စုံဘဲ အဲဒီအပိုင်းမှာ အားနည်းအားနည်းနေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း UMTA တွဲဖက်အတွင်းရေးမှူး ဦးဖြိုးဇော်ဝေက ပြောဆိုပါတယ်။

 

“ကျွန်တော်တို့ နိုင်ငံကို ခရီးသွားဧည့်သည်တွေလာဖို့ပဲဖြစ်ဖြစ် ၊ တိုင်းပြည်မှာဖြစ်နေတဲ့ကိစ္စတွေပဲဖြစ်ဖြစ် သတင်းအမှန်ရဖို့က အရေးကြီးပါတယ်။ မှန်ကန်တဲ့သတင်းအချက်အလက်ရရှိဖို့အရေးကြီးတယ်။ ခုလို အခြေအနေမျိုးမှာ ဆိုရှယ်မီဒီယာတွေမှာက  ဟိုကတော့ ဟိုလိုလုပ်သွားပြန်ပြီ ဒီကတော့ဒီလိုလုပ်သွားပြန်ပြီ ဒီမှာတော့တိုက်ပွဲဖြစ်သွားပြန်ပြီ ၊ ဟိုနေရာမှာတော့ လက်နက်ကြီးကျသွားတယ် ဓာတ်ပုံတွေနဲတကွတက်လာတယ်။ဒါပေမယ့် ဆိုရှယ်မီဒီယာဆိုတာက တကယ်ဟုတ်မဟုတ် ကျွန်တော်တို့အနေ နဲ့အတည်ပြုလို့မရဘူး။အဲ့တော့ ဆိုရှယ်မီဒီယာကပြန့်နှံ့တာကတစ်ပိုင်းပေါ့။ နိုင်ငံပိုင်တွေကနေ ထုတ်ပြန်တာလည်းရှိပေမယ့် အားနည်းနေသေးတယ်လို့မြင်တယ် ၊တိကျတဲ့သတင်းတွေကိုထုတ်ပြန်ပေးဖို့လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။

 

အဲ့ဒီ လို တိကျသေချာပြီး ပြည်စုံတဲ့သတင်းအချက်အလက်ထုတ်ပြန်တာ အားနည်းမှုတွေ၊ ရခိုင်ပြည်နယ်မြောက်ဦးမှာဖြစ်ပွားနေတဲ့ကိစ္စတွေကြောင့် လတ်တလေ သင်္ကြန်တွင်း မြောက်ဦးခရီးစဉ်တွေ ပယ်ဖျက်လိုက်ရတာရှိသလို လက်ရှိ အနောက်နိုင်ငံသားဝင်ရောက်မှုနူန်းလည်း သိသာစွာကျဆင်းနေတယ်လို့သိရပါတယ်။

“ မြောက်ဦးဘက်ကို ရောင်းမယ့်ခရီးစဉ်တွေရှိရင် အခုအချိန်မှာ ဆင်ခြင်ရမယ်။ ဒီဖြစ်စဉ်တွေက ခရီးသွားကဏ္ဍကို အများကြီးထိခိုက်နိုင်တယ်။ခရီးစဉ်ဒေသကြီးလည်းဖြစ်တယ်။ ရှေးဟောင်းယဉ်ကျေးမှု  နယ်မြေလည်း ဖြစ်တယ်။ လက်နက်ကြီးကျပြီဆိုကတည်းက  ဒါတွေကို ထိရောက်တဲ့သသောသတင်းထုတ်ပြန်ပေးရမယ်။ နိုင်ငံတကာမှာလည်း ရှိတာပဲ။ နယူးဇီလန်မှာဆိုလည်း ဖြစ်တာပဲ။ ခရီးသွားပုံရိပ်ကို မြှင့်တင်ဖို့အတွက် ဝန်ကြီးဌာနက လုပ်ရမှာပဲ။ပြောရတာ မောတောင်မောနေပြီ။ လုပ်တဲ့လူကလုပ် ဖြစ်တဲ့လူကဖြစ်နဲ့”လို့  UMTA အသင်းဥက္ကဌဖြစ်တဲ့ ဦးသက်လွင်တိုးကပြောပါတယ်။

 

ရခိုင်ပြည်နယ်မှာဆိုရင် နိုင်ငံခြားသားခရီးသွားဧည့်သည်အများဆုံးသွားရောက်တဲ့နေရာက မြောက်ဦးဒေသနဲ့ ငပလီကမ်းခြေ ဖြစ်ပါတယ်။နောက်ပြီးမြောက်ဦးဒေသဟာ ပုဂံနည်းတူ ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်တာကြောင့်  မြောက်ဦးမှာရှိနေတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပျက်စီးသွားမှာကိုတော့ စိုးရိမ်တဲ့အတွက် လာမယ့် EC အစည်းအဝေးမှာ မြောက်ဦးနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေပြုလုပ်ပြီး ဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ခရီးသားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မေမြတ်မွန်ဝင်းကလည်း “ဒီဖြစ်စဉ်တွေက ခရီးသွားလုပ်ငန်းကိုထိခိုက်တယ်၊ဒါကြောင့် ဖြစ်နေတဲ့အကြောင်းအရာကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးရမယ်။သတင်းအချက်အလက်မှန်ကန်သိရဖို့ကအရေးကြီးတယ်။ဒါတွေကတကယ်ဖြစ်နေတာ လိမ်လို့လည်မရတဲ့အရာတွေဖြစ်တယ်။သတင်းအမှန်မသိရရင် မငြိမ်းချမ်းတဲ့နိုင်ငံကို ဘယ်သူကလာမလဲ၊အနားယူ လာတာလေ ပိုက်ဆံကုန်ခံပြီး မငြိမ်းချမ်းတဲ့နိုင်ငံ ကိုယ်ဆိုလည်းမသွားဘူး”လို့ ပြောဆိုခဲ့ပါတယ်။

 

#voiceofmyanmar #ရခိုင်ပြည်နယ် #ခရီးသွားဒေသ #တိုက်ပွဲသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW