ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွတွေကို ရာနှုန်းပြည့်ခြေမှုန်းနိုင်ပြီလို့ အမေရိကန်ကြေညာ

 

ဝါရှင်တန်၊ မတ်၂၃-၂၀၁၉

မျိုးဆက် (VOM)

ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွတွေကို ရာနှုန်းပြည့် နှိမ်နှင်းနိုင်ခဲ့ပြီလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မတ် ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။

အိုင်အက်စ်စစ်သွေးကြွအုပ်စုလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကိုသရုပ်ဖော်ထားတဲ့ မြေပုံတစ်ခုကို သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြသခြင်းမပြုမီ အိမ်ဖြူတော်မီဒီယာတာဝန်ခံ ဆာရာဆန်ဒါက သမ္မတလေယာဉ်ပေါ်မှာ အဆိုပါကြေညာချက်ကို သတင်းထောက်တွေရှေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အခုလအစောပိုင်းက အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေဟာ ဆီးရီးယားအရှေ့ပိုင်း ဘက်ဟော့ဇ်ဒေသရှိ အိုင်အက်စ်တို့ နောက်ဆုံးခြေကုပ်ယူထားတဲ့ နေရာက အရပ်သား ၃၀၀၀ ကိုဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး အဲဒီနေရာရှိ အိုင်အက်စ် စစ်သွေးကြွတွေကို မတ် ၁၀ မှာ နောက်ဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

အီရတ်နဲ့ ဆီးရီးယားရှိ နယ်မြေ သုံးသောင်းလေးထောင် စတုရန်းမိုင်ကို အိုင်အက်စစ်သွေးကြွတွေရဲ့ ဘာသာရေးခေါင်းဆောင်တွေက တစ်ချိန်တုန်းက သိမ်းပိုက်ထားစိုးမိုးခဲ့ကြပါတယ်။ စစ်သွေးကြွတွေကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က တိုက်ခိုက်နေခဲ့ပြီး ဆီးရီးယားနိုင်ငံအတွင်းကနေ အမေရိကန်တပ်ဖွဲ့ဝင်အားလုံးကို ရုပ်သိမ်းသွားမယ်လို့ လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်း သမ္မတထရန့်က ကြေညာခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သဘောထားကွဲလွဲပြီး နှုတ်ထွက်သွားတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်အပါအ၀င် လွှတ်တော်အမတ်အချို့နဲ့ အစိုးရအဖွဲ့တာဝန်ရှိသူအချို့က ထရန့် ကြေညာချက်ကို ဝေဖန်ခဲ့ကြပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းပြီးနောက် အိုင်အက်စ်စစ်သွေးကြွတွေဟာ ဆီးရီးယားရှိ အဓိကနယ်မြေတွေကို ပြန်လည်ရယူနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးမှူးချုပ်က ဖေဖော်ဝါရီလက သတိပေးပြောဆိုထားပါတယ်။

Ref & Photo : UPI

#voiceofmyanmar #နိုင်ငံတကာသတင်း #အမေရိကန် #စစ်သွေးကြွ

Related posts

Leave a Comment

VOM News

FREE
VIEW