မြောက်ဦးမြို့နယ်အတွင်းမှ မရမာကြီးလူမျိုး ၄ ဦးပျောက်ဆုံးနေ

 

မြောက်ဦး၊ မတ် ၂၅-၂၀၁၉

ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အရှေ့ဘက် လေးမြို့မြစ်ကမ်းနေဘေးကျေးရွာတစ်ရွာဖြစ်တဲ့ ရော်မတီကျေးရွာက ရခိုင်တိုင်း ရင်းသားမျိုးနွယ်စုဝင် မရမာကြီးလူမျိုး ၄ ဦးတို့မှာ လေးမြို့မြစ်ကြောင်းအတွင်းပျောက်ဆုံးနေကြောင်း ကျေးရွာသားတွေက ပြောပါတယ်။

အဲ့ဒီပျောက်ဆုံးနေသူ ရော်မတီကျေးရွာသားတွေဟာ လေးမြို့မြစ်ကြောင်းအတွင်းမှာ ပဲအရောင်းအဝယ်ပြုလုပ်နေသူတွေ ဖြစ်ကြပြီး ပဲဝယ်ယူရန်သွားရောက်နေတုန်းမှာ အခုလိုပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။

“ပျောက်နေတာ လေးငါးရက်လောက်ရှိပါပြီ။ ကျွန်တော်တို့ရွာသားလေးယောက်က လှေနှစ်စီးနဲ့ ပဲတင်ဖို့ အထက်ပိုင်းကိုသွားခဲ့ကြတာပါ။ နှစ်ယောက်က ၂၁ ရက်နေ့က ရွာကနေအသွားမှာ ပျောက်သွားတာဖြစ်ပြီးတော့ နောက်နှစ်ယောက်က အထက်ပိုင်းကနေ ပဲတင်ပြီးပြန်အဆင်းမှာ ပျောက်သွားတာပါ။”လို့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

အဲ့ဒီပျောက်ဆုံးနေသူလေးဦးတို့ဟာ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လေးမြို့မြစ်ကြောင်းအတွင်းက ဘုရားကြီးကျေးရွာနဲ့ ခြိတ်ချောင်းကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ သတင်းရကြောင်း ရွာသားတွေကပြောပါတယ်။

“ပျောက်နေတဲ့လေးယောက်မှာ ၂၁ ရက်နေ့က ဘော်ရှောနဲ့ နိုင်နိုင်ဦးပါ။ သူတို့နှစ်ယောက်က စက်လှေတစ်စီးတည်း။ နောက်ထပ်နှစ်ယောက်ဖြစ်တဲ့ ဦးမောင်ရွှေဘနဲ့ သူ့သား ကျော်လှိုင်ထွန်းတို့က ၂၂ ရက်နေ့မှာ ပျောက်သွားတာဖြစ်ပါတယ်။ သူတို့ရဲ့လှေတွေကိုတော့ ခြိတ်ချောင်းကမ်းနံဘေးမှာတွေ့တယ်။ လူတွေကတော့ဘယ်မှာလဲဆိုတာ သတင်းမရဘူး။”လို့ ရော်မနီကျေးရွာသားတစ်သီးကပြောပါတယ်။

အခုလိုမျိုး ပျောက်ဆုံးနေသူတွေကို သတင်းအစအနမရရှိတာကြောင့် မိသားစုတွေစိုးရိမ်နေကြပြီး ရော်မတီကျေးရွာသားတွေဟာ လေးမြို့မြစ်အထက်ပိုင်းမှာရှိတဲ့ ဆောင်းသီးနှံစိုက်ပျိုးလုပ်ကိုင်သူတွေနဲ့ ဆက်စပ်ပြီးတော့ မြေပဲနဲ့ ပဲကြီးစေ့တွေကို အခုလိုဝယ်ယူရောင်းချတဲ့အလုပ်ကို လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

#voiceofmyanmr #ရခိုင်သတင်း #မရမာကြီးလူမျိုး #တိုက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW