အခြေခံစပါးဈေးနှုန်းအသစ်ကို ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်ကြေငြာပေးမယ်

ရန်ကုန် ၊ မတ် ၂၈

VOM(TGH)

စပါးတွေ ပေါ်ချိန်ရောက်ခါနီးပြီဖြစ်တဲ့အတွက် အခြေခံစပါးဈေးနှုန်းအသစ်ကို လာမယ့် ဧပြီလဆန်းပိုင်းမှာ ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကနေသိရပါတယ်။

ဒီလိုဈေးနှုန်းသတ်မှတ်ရာမှာ   တောင်သူလယ်သမားတွေရဲ့  စိုက်ပျိုးထုတ်လုပ်တဲ့ကုန်ကျစရိတ် ၊ နိုင်ငံတကာဈေးနှုန်း ၊ ငွေလဲလှယ်ဈေးနှုန်း စတာတွေနဲ့  တွက်ချက်ပြီး အားလုံး အဆင်ပြေမယ့် အခြေခံစပါးဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်တာဖြစ်ပါတယ်။

ဒီနှစ်အတွက် စပါးဈေးနှုန်းအသစ်ကိုလည်း မကြာခင်ကြေငြာပေးနိုင်ဖို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနကနေ တရားဝင်စာတင်ပြထားပြီးဖြစ်တယ်လို့သိရပါတယ်။

“နိုင်ငံတော်ဘက်ကိုတော့တင်ပြထားတယ်။နောက်ဆုံးအဆင့်တော့ရောက်ပြီ။ တောင်သူလယ်သမားတွေအကျိုးစီးပွားဖြစ်အာင် ၊ ကုန်သည်တွေလည်းမနစ်နာအောင် ချိန်ဆနေရ တယ်။ အကုန်လုံးတွက်ချက်ရတယ်။ အားလုံးတော့တင်ပြထားတယ်။သူတို့က ထုတ်ပြန်ပါ ဆိုတာနဲ့ထုတ်ပြန် ရမှာဖြစ်ပါတယ်။ဘယ်လောက်နှုန်းထားဖြစ်မလဲဆိုတာကတော့ တင်ပြထားဆဲဖြစ်လို့ ပြောဖို့အဆင်မပြေ သေးဘူး။ထုတ်ပြန်မှပဲ တရားဝင်ကြေငြာပေးပါမယ်။ဒီလို ဈေးနှုန်းထပ်ပြီးမကြေငြာခင်မှာ  တချို့ကလည်း မထုတ်ပြန်နိုင်သေးဘူးလာဆိုပြီးမေးတယ် တချို့ကလည်း ဈေးကိုဆွဲချချင် လို့မထုတ်ပြန်သေးတဲ့အပေါ် ကောလဟာလွင့်တယ်။ဈေးနှုန်းက နှစ်အတွင်းသတ်မှတ်ထားတာမဟုတ်ပေမယ့်လည်း သီးနှံရာသီပြည့်နေတဲ့အချိန် မထုတ်ပြန်နိုင်သေးတဲ့အချိန်တွင်းမှာ ထုတ်ပြန်ထားပြီးသား အခြေခံဈေးနှုန်းလေးအတိုင်းဆက်ဝယ်ပေးဖို့ ထုတ်ပြန်ထားပါတယ်”လို့  မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ကပြောပါတယ်။

မကြာမီ ထုတ်ပြန်မယ့် စပါးဈေးနှုန်းအသစ်ကလည်း တောင်သူတွေအတွက်အကျိုးကျေးဇူးဖြစ်အောင်စီမံ ထားကြောင်းနဲ့ အစိုးရဌာနတွေထဲက စီးပွားကူးသန်းအပါအ၀င် တခြားဆက်စပ်ဌာနတွေရဲ့ သဘောထား မှတ်ချက်တွေလည်းရယူတယ်လို့ဆိုပါတယ်။တောင်သူလယ်သမားတွေအတွက် အခြေခံစပါးဈေးနှုန်းသတ် မှတ်တာဟာ ပြီးခဲ့တဲ့နှစ်ကမှစတင်ခဲ့တာဖြစ်ပါတယ်။

ဒီလို အခြေခံစပါးဈေးနှုန်းသတ်မှတ်ပေးတဲ့အတွက် ဈေးကွက်အတွင်းစပါးဝယ်လိုအားနည်းပြီး ရောင်းလိုအားကျချိန်မျိုးမှာ စပါးပွဲစား ၊ စပါးဒိုင်တွေရဲ့ နှုတ်ထွက်သတ်မှတ်ဈေးတွေနဲ့ ၀ယ်ယူမှုတွေ မရှိတော့ဘဲ တောင်သူတွေအတွက်လည်း ကုန်ကျစရိတ်နဲ့ အကျိုးအမြတ်ကို နှိုင်းယှဉ်တွက်ဆလုပ် ဆောင်နိုင်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ နိုင်ငံတော်က သတ်မှတ်ပေးခဲ့တဲ့ အခြေခံစပါးဈေးနှုန်းက စပါးတွေမှာ အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး ၊အဖျင်းအမှော် ၊ ဖုန် ၊သဲ ၊ခဲ စတဲ့အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်တွေနဲ့ကိုက်ညီတဲ့ ဧည့်မထ အမျိုးအစား ၄၆ ပေါင် ၊ စပါးတင်း ၁၀၀ ကို မြန်မာကျပ်ငွေ ၅ သိန်းဈေးနှုန်း ၀ယ်ယူဖို့ သတ်မှတ်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာလည်း ဈေးနှုန်းအသစ်မထုတ်ပြန်သေးခင် ဈေးကွက်ပေါက်ဈေး က အခြေခံဈေးအောက်ရောက်ရှိခဲ့ပါက သတ်မှတ်အခြေခံဈေးဝယ်ယူပေးဖို့ အသင်းချုပ်ကနေ ဆောင်ရွက်ပေးသွားမှာဖြစ်တာကြောင့် ၄င်းအသင်းကိုဆက်သွယ်ဖို့လိုအယ်တယ်လို့သိရပါတယ်။

Photo MRF

#voiceofmyanmar #စပါးဈေး #စိုက်ပျိုးရေး #ဆန်စပါးအသင်းချုပ်

 

Related posts

Leave a Comment

VOM News

FREE
VIEW