မင်းပြားမြို့မှာ  စစ်ဘေးရှောင်ထောက်ပံ့ပေးရေး ငွေ ၅၀၀ နှင့် ဆန်တစ်ဗူးစီကောက်ခံ

မင်းပြား၊ မတ် ၃၁-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

ရခိုင်ပြည်နယ်၊  မင်းပြားမြို့မှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးနိုင်ရေးအတွက် မင်းပြားမြို့ လူငယ်ပရဟိတအဖွဲ့က နေအိမ်တစ်အိမ်လျင် ငွေ ၅၀၀ ကျပ်နဲ့ ဆန်တစ်ဗူးနှုန်းစီကောက်ခံနေကြတာဖြစ်ပါတယ်။

 

အဲ့ဒီကောက်ခံရရှိတဲ့ဆန်နဲ့ငွေတွေကို ရခိုင်ပြည်နယ်မြို့နယ်ခြောက်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းတွေကို ထောက်ပံ့လှူဒါန်းပေးသွားမှာဖြစ်ပြီး လတ်တလောမှာ ရိက္ခာပြတ်လပ်နေတဲ့ စခန်းတွေကို အဓိကကူညီ ပေးသွားမှာဖြစ်ပါတယ်။

 

“လောလောဆယ်မှာ စခန်းတွေက ရိက္ခာပြတ်မယ့်သဘောရှိနေတယ်။ တချို့စခန်းတွေမှာဆိုရင် ပြတ်နေပြီလို့ကြားတယ်။ အဲ့ဒီကယ်ဆယ်ရေးစခန်းတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် မင်းပြားမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်ပေါင်းစုံကလူငယ်တွေစုပြီး ပရိဟိတအဖွဲ့တစ်ဖွဲ့ဖွဲ့လိုက်တယ်။ အဲ့ဒီအဖွဲ့ကနေ အိမ်တစ်အိမ်ကို ငွေ ၅၀၀နဲ့ ဆန်တစ်ဗူးစီကောက်နေတာပါ။”လို့ မင်းပြားမြို့ စစ်ဘေးရှောင်ကူညီပေးရေးလုပ်နေတဲ့ ဦးသိန်းဇံကပြောပါတယ်။

 

လက်ရှိမှာ ရခိုင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်အတွင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းပေါင်း ၄၀ နီးပါးရှိနေပြီဖြစ်ကာ အဲ့ဒီစခန်းတွေမှာ နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ဦးရ ၁၇၀၀၀ ခန့်ရှိနေပြီး စခန်းတွေကိုမရာက်နိုင်သေးဘဲ ပိတ်မိနေတဲ့ကျေးရွာတွေမှာ နေထိုင်သူ ၆၀၀၀ ကျော်ထိရှိနေတာဖြစ်ပါတယ်။

 

“စစ်ဘေးရှောင်တွေကလည်းများလာတယ်။ ထောက်ပံ့ကူညီပေးမှုတွေလည်းနည်းပါးတော့ စစ်ဘေးရှောင်တွေရဲ့ စားရေးသောက်ရေးက တော်တော်လေးကို အခက်အခဲရှိနေပါတယ်။ ဒါကြောင့် အခုလိုမျိုး လူမှုအဖွဲ့အစည်းတွေအနေနဲ့ ထောက်ပံ့မှုတွေကို ပိုပြီးတော့ ပေးနိုင်အောင်ကြိုးစားနေကြတာဖြစ်ပါတယ်။”လို့ ဦးသိန်းဇံကပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းပေါင်း ၄၀ နီးပါးမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တောဖျားချောင်းဒေသမှာရှိတဲ့ အထက်သင်းပုန်းတန်းနဲ့ ဖားကြွယ်စခန်း၊ ဘူးသီးတောင်မြို့နယ်အတွင်းက စေတီတောင်စခန်း၊ ရသေ့တောင်းမြို့နယ်အတွင်းက ဈီးခေါင်း၊ ဆန်ခုန်တိုင်၊ အိုးဖောက်စတဲ့စခန်းတွေက စစ်ဘေးရှောင် ၄၅၀၀ လောက်ဟာ ရိက္ခာပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင်စစ်ဘေးရှောင် #စစ်ဘေးရှောင်ထောက်ပံ့ရေး #မင်းပြား

Related posts

Leave a Comment

VOM News

FREE
VIEW