မာလီနိုင်ငံမှာ အကြမ်းဖက်မှုတွေကို မထိန်းချုပ်နိုင်လို့ ၀န်ကြီးချုပ်နဲ့ အစိုးရတစ်ဖွဲ့လုံး ရာထူးနှုတ်ထွက်

 

ဘာမာကို ၊ ဧပြီ၁၉-၂၀၁၉

မျိုးဆက် (VOM)

မာလီနိုင်ငံမှာ အကြမ်းဖက်မှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ဒီကိစ္စကိုမထိန်းချုပ်နိုင်တဲ့အတွက် မာလီဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အစိုးရတစ်ဖွဲ့လုံး ရာထူးကနေ နှုတ်ထွက်လိုက်ကြပါတယ်။ ဒီလို မငြိမ်မသက်ဖြစ်ပွားနေတာတွေကို ကိုင်တွယ်ဖို့ ပျက်ကွက်မှုအတွက် ၀န်ကြီးချုပ် ဆိုမီလူဘိုဘီယီမိုင်ဂါကို လွှတ်တော်အမတ်တွေက အပြစ်တင်ကြပြီး အယုံအကြည်မရှိ အဆိုတစ်ရပ်ကို ဧပြီ ၁၇ ရက်ကတင်သွင်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လကလည်း မာလီနိုင်ငံရှိမျိုးနွယ်စုတွေအကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် သေဆုံးသူအရေအတွက် မြင့်တက်ခဲ့ပါတယ်။ ၀န်ကြီးချုပ် မိုင်ဂါနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝန်ကြီးတွေ နှုတ်ထွက်တာကို လက်ခံခဲ့တယ်လို့ မာလီသမ္မတ အီဘရာဟင်ဘူဘာကာကီတာက ကြေညာချက်တစ်ရပ်ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအင်အားစုအားလုံးနဲ့ ညှိနှိုင်းပြီးနောက် ၀န်ကြီးချုပ်တစ်ဦးကို အမြန်ဆုံးခန့်ထားပြီး အစိုးရအဖွဲ့အသစ်ကို ဖွဲ့စည်းသွားမယ်လို့ သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၂ ခုနှစ်က မာလီနိုင်ငံမြောက်ပိုင်း သဲကန္တာရမှာ အယ်ခိုင်ဒါအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေ အခြေချပြီးကတည်းက မာလီနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ထိန်းချုပ်ဖို့ ရုန်းကန်ကြိုးစားနေရပါတယ်။

မာလီစစ်ဘက်က စစ်ဆင်ရေးများလုပ်ဆောင်နေသလို ၂၀၁၅ ခုနှစ်ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်ရှိထားပေမယ့်လည်း နိုင်ငံရဲ့ကျယ်ပြန့်တဲ့ ဒေသတွေကို ဂျီဟတ်တို့က ချုပ်ကိုင်နိုင်ဆဲဖြစ်ပြီး နိုင်ငံမြောက်ပိုင်းကနေ အလယ်ပိုင်းကို အလွန်များပြားတဲ့ အရပ်သားပြောင်းရွှေ့နေထိုင်တာတွေလည်း ဖြစ်ပေါ်နေပါတယ်။ Ref : BBC Photo :Reuters

#voiceofmyanmar #နိုင်ငံတကာသတင်း #မာလီ #အကြမ်းဖက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW