ပြည်သူအတွက် ပြည်သူ့မီဒီယာဖြစ်ဖို့

ဧပြီ ၂၁-၂၀၁၉

 

တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီး ၃ခုပြီးရင် ကျနော်တို့ သတင်းမီဒီယာလုပ်ငန်းဟာလည်း အရေးကြီးတဲ့ တိုင်းပြည်တည်ဆောက်ရေးမှာပါတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ပြည်သူတွေကို ပညာပေးဖို့၊  သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့ စိတ်ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးကဏ္ဍတွေ ထုတ်လွှင့်ပေးဖို့ စတာတွေလုပ်ရမယ့် တာဝန်တွေရှိပါတယ်။ အဲလိုရှိတဲ့နေရာမှာ ကျနော်တို့က ဘာကိစ္စဖြစ်ဖြစ် ခရေစေ့တွင်းကျသိဖို့ နှံ့စပ်ဖို့ ကျွမ်းကျင်လိမ္မာဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျနော်တို့ မသိပဲ မတတ်ဘဲ သတင်းတင်ပြမိရင် ပြည်သူရဲ့ နား၊ မျက်စေ့ထဲ အဆိပ်တွေ လောင်းထည့်မိသလိုဖြစ်သွားနိုင်ပါတယ်။

 

စာပေကင်ပေတိုင်ခေတ်ပြီးတော့ စပွင့်လင်းလာတယ်လို့ပြောလို့ရတဲ့  ဦးသိန်းစိန်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းမှာ သတင်းမီဒီယာလောကဟာ တရှိန်ထိုးစိတ်ဝင်စားသူတွေများလာခဲ့ပါတယ်။ သတင်းထောက်လုပ်ငန်း သတင်းစာနဲ့ အသက်မွေးတဲ့ လုပ်ငန်းဟာ အနေအစားချောင်တယ်လို့ ထင်သူတွေလည်းပါကောင်းပါနိုင်ပါတယ်။ ၆၆ ဃ ဆိုတဲ့  မီဒီယာကို ခြိမ်းခြောက်တဲ့ လက်နက်တခု အစွယ်ငေါငေါနဲ့ ထွက်လာတဲ့ နောက်ဆွဲဆွဲမှာတော့ မီဒီယာနဲ့ စီးပွားရေးလုပ်စားရတာ မဟန်မှန်းသိပြီး ပြန်ကြားရေးမှာ မှတ်ပုံတင်ထားတဲ့ မီဒီယာအရေအတွက်ထဲက တဝက်လောက်ပဲ အလုပ်လုပ်တာကို တွေ့ရပါတယ်။ တချို့လည်း အန်အယ်လ်ဒီ အစိုးရတက်လာရင် အခြေအနေကောင်းနိုင်ကောင်းရဲ့ ဆိုပြီး မှေးလုပ်နေခဲ့ပေမယ့် တကယ်တန်းကြတော့ မှန်းချက်နဲ့ နှမ်းထွက်က မကိုက်ဖြစ်တော့ ဆုတ်ခွါသွားသူရှိသလို တိုက်ပွဲကျသွားသူတွေလည်း ရှိခဲ့ပါတယ်။

 

 

အဲလို ခပ်ယဲ့ယဲ့ကျန်တော့တဲ့ မီဒီယာလောကမှာ သက်ဆိုင်ရာ သတင်းစာပညာဘာသာရပ်ကို ကျွမ်းကျင်သူတွေရှိသလို စမ်းတဝါးဝါးနဲ့ လျှောက်သူလည်းပါရဲ့၊  ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးမြဲသလို လိုက်နာသူလည်းရှိသလို အနေစားချောင်ပြီးရော လူရာဝင်ပြီးရောဆိုတဲ့ လူတွေလည်း ရှိနေဆဲပါ။ ဒါ့ကြောင့်လည်း အစိုးရက မီဒီယာကို အထင်မကြီးသလို ပြည်သူရဲ့ အထင်သေးတာတွေခံနေရပါတယ်။

 

ဒီလိုအခြေအနေမှာ ကျနော်တို့သတင်းသမားတွေဟာ ခွေးကျိုးနဲ့ယုန်လိုက်နေလို့မရတော့ပါဘူး၊ ကျနော်တို့ သတင်းသမားတွေအနေနဲ့  တော်တော်လေး နှံ့စပ်မှ တတ်ထားမှသာ တန်ယုံဘဲရှိပါမယ်။ ဒါ့ကြောင့် ပြုပြင်ပြောင်းလဲရေး စနေတဲ့ မြန်မာနိုင်ငံမှာ သတင်းလောကကို ရောက်လာမယ့် ရောက်နေတဲ့ သတင်းသမားတွေကို အရည်အသွေးမြှင့်ပေးဖို့ အများကြီးလိုအပ်နေပါတယ်။   

 

ဒီလိုအရည်အသွေးမြှင့်ဖို့ နိုင်ငံတကာ အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေကနေ အထောက်အပံ့တွေပေးပြီး သင်တန်းတချို့ပေးတာတွေလည်း မြင်နေရ ကြားနေရပါတယ်။ အန်ဂျီအိုတွေအနေနဲကလည်း အဲဒီထောက်ပံ့မှုတွေက  တကယ်လိုအပ်တဲ့အဖွဲ့ လိုအပ်နေတဲ့သူတွေဆီရောက်သလား ဘယ်လောက်အကျိုးရှိသလဲဆိုတာကို နောက်ကွယ်ကနေ အမြဲစစ်ဆေးပေးနေဖို့လိုသလို မဆိုင်သူတွေ ၊ ဘမ်းပြစားနေသူတွေလက်ထဲ မရောက်ဖို့ သတိထားပေးရပါမယ်။

 

 

ကျနော်တို့ တိုင်းပြည်ဖွံ့ဖြိုးဖို့ဆိုရင် မီဒီယာအခန်းကဏ္ဍကို  လျစ်လျုရှုထားလို့မရပါဘူး ။ အစိုးရ ၊ သက်ဆိုင်ရာတွေနဲ့ မီဒီယာဟာ အပြန်အလှန်လေးစားဖို့လိုပါတယ်။ တချို့နေရာတွေမှာ မီဒီယာသမားဆိုတာ ပြဿနာရှာတတ်တဲ့ကောင်တွေလို့မြင်ပြီး မီဒီယာ ဥပဒေမှာ သက်ဆိုင်ရာအနေနဲ့ သတင်းအချက်လက်ချပေးဖို့၊ နေရာထိုင်ခင်းပေးဖို့ပါပြီးဖြစ်ပေမယ့် မီဒီယာသမားတွေကို တဖက်သတ်အမြင်နဲ့ ဖယ်ထုတ်ချင်တဲ့ အပိုင်းတွေ တွေ့နေရပါတယ်။ မီဒီယာဆိုတာ အစိုးရနဲ့ ပြည်သူကြားပေါင်းကူးတံတားဖြစ်လို့  ဒီလိုမျိုးတွေ မကြာခဏလုပ်လာရင် ရေရှည်မှာ ၂ဦး ၂ဖက်လုံးအတွက် ဆိုးကျိုးဘဲဖြစ်လာနိုင်တယ်လို့ ကျနော်ပြောလိုပါတယ်။

 

နောက်တခုကတော့ သက်ဆိုင်ရာ ၀န်ကြီးဌာနတချို့က ကိုယ်နဲ့အဆင်ပြေတဲ့ သတင်းဌာနကိုတော့ အချက်လက်တွေချပေးတာ နေရာပေးတာတွေလုပ်ပြီး ကျန်တဲ့ မီဒီယာတွေကို ခွဲခြားဆက်ဆံတာမျိုးတွေတွေ့နေရပါတယ်။ ( ဥပမာ တည့်တည့်ပြောရရင် အစိုးရမီဒီယာနဲ့ စကိုင်းနက်လိုမျိုးတွေကို သီးခြား အခွင့်ထူးခံပေးနေတာ) နောက်ထပ်ထောက်ပြစရာကတော့ အစိုးရဌာနတွေ သတင်းထုတ်ပြန်ချက် အားနည်းတာကလည်း မျှတတဲ့သတင်းဖော်ပြဖို့အတွက် အခက်အခဲတခုလို့ မြင်ပါတယ်။ ဒီလိုဖြစ်လို့ သတင်းတွေက အစိုးရ အာဏာပိုင်ဖက်က အသံမပါတဲ့ တဖက်သတ်သတင်းတွေဖြစ်နေတာဟာ သတင်းအရည်အသွေး နိမ့်ကျစေပါတယ်။

 

နောက် ပဋိပက္ခဖြစ်စဉ်တွေမှာ မီဒီယာကို ရန်သူလို တိုက်ခိုက်လာတွေ လက်တွေ့ကြုံနေရပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေအနေနဲ့ သတင်းသမားကို ကာကွယ်ပေးရမယ့်အစား သူတို့ကို ထိပါးလာရင် ပုဒ်ထီးပုဒ်မတွေတပ် တရားစွဲတာ ပြန်ခေတ်စားလာနေပါပြီ။  ဒီလိုလုပ်လာတာဟာ ဒုတိယ ဖိလစ်ပိုင်လိုဖြစ်လာမှာ အထူးစိုးရိမ်ပါတယ်။ တိုက်ပွဲတွေမှာ ဘက်မျှအောင် သတင်းတင်ပြချင်လို့ ကွင်းဆင်းတော့ လုံခြုံရေး ကူညီပေးရမယ့်အစား ခြိမ်းခြောက်တာ ၊ တရားစွဲတာတွေဟာ တကယ့်ကို အရုပ်ဆိုး အကျည်းတန်စေပါတယ်။

 

အဆိုးဆုံးတခုကတော့   အစိုးရအနေနဲ့ မီဒီယာကဏ္ဍကို လက်ဝါးကြီးအုပ်ထားတာတွေ လျှော့သင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ အစိုးရနဲ့ အရပ်ဖက်မီဒီယာ အားပြိုင်မှုဟာမျှတမှုရှိတာတွေ့ရမှာပါ။ အစိုးရဖက်ကတောင် ပုဂ္ဂလိက မီဒီယာတွေကို မြေတောင်မြှောက်ပေးရမှာပါ။ ခုတော့ ဥပဒေကြောင်းအရထည့်ရတဲ့ ကြော်ငြာတွေ၊ တခြား ကန့်ကွက်စာတွေကို အစိုးရသတင်းစာမှ တရားဝင်တယ်ဆိုတာမျိုးတွေရှိနေတော့ ပုဂ္ဂလိက မီဒီယာတွေအနေနဲ့ ဝင်ငွေရဖို့ အားနည်းစေပါတယ်။ ကျနော်ဆိုလိုတာက လက်ရည်တူ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုး ပေးဖို့ ဆိုလိုတာပါ။

 

မီဒီယာလွတ်လပ်ခွင့်ဆိုတာ ခုမှအကင်းလေးရှိသေးတာမို့  ပုဂ္ဂလိက မီဒီယာတွေမှားရင် တစိတ်ရှိ တရားစွဲမယ် ထောင်ချမယ်ဆိုတာတွေကလည်း တိုးတက်ဖို့အတွက် အဟန့်အတားတွေဖြစ်ပါတယ်။  ခုမှ သီးပွင့်မလို့ အားယူနေချိန် အကင်းကို ပြုတ်စားလိုက်တော့ ဆက်ပြီး သီးဖို့ပွင့်ဖို့ခက်သွားပါတယ်။ အားလုံးနားလည်သဘောပေါက်လာအောင် အချိန်ယူပြီး ကျင့်ဝတ်တွေ စည်းကမ်းတွေကို ချပြီပြီးတော့ မီဒီယာလွတ်လပ်ခွင့်ကို အသုံးပြုရာမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး တာဝန်ခံဖို့၊ တာဝန်ယူတဲ့လူတွေ ဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးရမှာပါ။

 

အချုပ်ဆိုရရင် အစိုးရအပါအ၀င် အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေအနေနဲ့ နိုင်ငံတကာလေ့လာရေးတွေ၊ သင်တန်းတွေမှာ နယ်ဖက်တွေက အမှန်တကယ်အလုပ်လုပ်နေတဲ့ သတင်းသမားတွေပါဖို့ အထူးစီစစ်ပေးသင့်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက မီဒီယာတွေကြားမှာလည်း မှန်ကန်မျှတတဲ့ အားပြိုင်မှုတွေဖြစ်ဖို့ ၀ိုင်းဝန်းတွန်းအားပေးသင့်သလို သတင်းမီဒီယာသမားတွေအနေနဲ့လည်း ကိုယ့်အရည်အသွေးကို အမြဲမြှင့်တင်ဖို့ လိုအပ်နေတယ်လို့  အယ်ဒီတာ့အာဘော်ကဏ္ဍကနေ ဝေဖန်အကြံပြုလိုက်ရပါတယ်။

#voiceofmyanmar #အယ်ဒီတာ့အာဘော် #ပြည်သူအတွက်ပြည်သူ့မီဒီယာဖြစ်ဖို့

Related posts

Leave a Comment

VOM News

FREE
VIEW