တူရကီအာဏာသိမ်းမှုနဲ့ ဆက်နွယ်သူ စစ်ဘက်ပုဂ္ဂိုလ် ၁၁၅ ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

အန်ကာရာ၊ ဧပြီ-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

တူရကီနိုင်ငံမှာ ၂၀၁၆ ခုနှစ်က မအောင်မြင်တဲ့ အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် ဖက်သူလာ့ဂူလန် ရဲ့လှုပ်ရှားမှုမှာဆက်နွယ်နေတယ်ဆိုတဲ့ သံသယနဲ့ တူရကီစစ်ဘက်တာဝန်ထမ်းဆောင်နေသူ ၁၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိနိးသိမ်းလိုက်ပါတယ်။

 

သံသယရှိသူ ၅၅ ဦးကို အစ္စတန်ဘူမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တူရကီနိုင်ငံပိုင် အန်နာဒိုလူ သတင်းဌာနကဖော်ပြထားပြီး အခြားသံသယရှိသူတွေကိုတော့ ဘယ်နေရာမှာ ဖမ်းဆီးထားကြောင်း ဖော်ပြမထားပါဘူး။

 

အာဏာသိမ်းဖို့ ကြံစည်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင် ဂူလန်ကို ထောက်ခံတဲ့ သံသယနဲ့ တူရကီ စစ်ဘက်မှ တာဝန်ထမ်းဆောင်နေသူ ၂၁၀ ကိုထိန်းသိမ်းဖို့ အစ္စတန်ဘူ အစိုးရရှေ့နေတွေက အမိန့်ထုတ်လိုက်ပြီးနောက် ယခုလိုဖမ်းဆီးတာတွေ ဖြစ်ပေါ်လာတာပါ။

 

ရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့အပါအ၀င် လေတပ်၊ ရေတပ်နှင့် ကြည်းတပ်မှ သံသယရှိသူ ၂၁၀ ဦးထဲမှာ ဗိုလ်မှူးကြီး ငါးဦး၊ ဒုတိယဗိုလ်မှူးကြီး ခုနှစ်ဦး၊ ဗိုလ်မှူး ၁၄ ဦးနဲ့ ဗိုလ် ၃၃ ဦးပါဝင်တယ်လို့ အစ္စတန်ဘူရှေ့နေချုပ်ရုံးက ဧပြီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မအောင်မြင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်အာဏာသိမ်းမှုမှာ တူရကီ စစ်ဘက်အဖွဲ့ခွဲတစ်ခုက နိုင်ငံရဲအာဏာကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်းနဲ့ သမ္မတ အာဒိုဂန်အစိုးရအနေနဲ့ တာဝန်ယူစရာမလိုတော့ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းမှုကို တူရကီအစိုးရက နာရီအနည်းငယ်အတွင်း နှိမ်နင်းနိုင်ခဲ့ပါတယ်။

Ref : Press TV Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW