စိတ်ဖေါက်နေသူအဖေက သမီးရင်းကို ဓါးနဲ့ခုတ်

ပလက်ဝ မေ ၇၊၂၀၁၉

မိုင်ချယ်ရီ (VOM)

 

 

 

ပလက်ဝမြို့နယ် ကင်သလင်းကျေးရွာမှာ နေထိုင်တဲ့ ဦးကျော်သိန်း(ခ)အောင်ယဒ် ဟာ စိတ်ဖောက်ပြန်ပြီး သူ့ရဲ့ သမီးအရင်းကို ဓါးနဲ့ ခုတ်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပလက်ဝမြို့နယ် လူမှုကူညီရေးအသင်းကနေ စုံစမ်းသိရပါတယ်။

 

မီးဇာကျေးရွာအနီးက စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့ ဦးကျော်သိန်းဟာ  သူ့မိသားစု နဲ့ အတူနေထိုင်တဲ့အချိန်မှာ စိတ်ဖောက်ပြန်ပြီး မေလ ၅ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က  သမီးအရင်း ဖြစ်သူကို ဓါးနဲ့ ခုတ်ခဲ့ရာမှာသမီးဖြစ်သူ မသီတာမေ(၁၀)နှစ်  ရဲ့ ဦးခေါင်းနဲ့ လက်ကို ခုတ်မိခဲ့ပါတယ်။ ဒီလို ခုတ်မိခဲ့တာကြောင့်သမီးဖြစ်သူဟာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ ဘယ်ဘက်လက်သန်း ပြတ်ထွက် ဒဏ်ရာ လက်ကောက်ဝတ် ပြတ်ရှ ဒဏ်ရာတွေ ရရှိပြီး စစ်တွေ ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေရပါတယ်။

 

 

ဓါးနဲ့ ခုတ်ခံခဲ့ရတဲ့ သမီးဖြစ်သူရဲ့ အခြေအနေကိုတော့ ဆေးကုသမှုမှာ လိုက်လံ စောင့်ရှောက်ပေးနေတဲ့ ဦးအောင်လင်းဟွေ့ က “လူနာကတော့ သက်သာနေပါပြီ။ ဒါပေမယ့် ခွဲစိတ်ကုသမှု တစ်ချို့တော့ ခံယူနေရတုန်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

 

ဓါးနဲ့ ခုတ်ခဲ့တဲ့ ဦးကျော်သိန်းဟာ အရင်က သာမန်လူတယောက်ဖြစ်ပေမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့က အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတာကိုခံခဲ့ပြီး ပြီးတဲ့ရက်ပိုင်းကမှ ပြန်လည်လွတ်မြောက်လာပြီးနောက် ပုံမှန်မဟုတ်ပဲ စိတ်ကစဉ့်ကလျားဖြစ်နေပုံရတယ်လို့  ပတ်ဝန်းကျင်က ပြောကြပါတယ်။

 

ခုနောက်ဆုံးအခြေအနေမှာ  ဓါးနဲ့ခုတ်တဲ့ ဖခင် ဦးကျော်သိန်းကို ပလက်ဝမြို့နယ် တရွန်အိုင်နယ်မြေရဲကင်းစခန်းမှာ  ဖမ်းဆီးချုပ်နှောင်ထားတယ်လို့  ပလက်ဝမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

 

#voiceofmyanmar #ပလက်ဝ #သမီးရင်းကိုဓါးနဲ့ခုတ်

 

Related posts

Leave a Comment

VOM News

FREE
VIEW