အပူချိန် မြင့်တက်လာမှုကြောင့် ဇေယျာသီမြို့နယ် ကျေးရွာအများအပြားမှာ ရေရှားပါးမှုပြဿနာများ ကြုံတွေ့နေရ

နေပြည်တော်၊မေ ၁၁ -၂၀၁၉

ဒီပ(နေပြည်တော်)

 

၂၀၁၉ခုနှစ် ဧပြီလနဲ့မေလအတွင်း မြန်မာနိုင်ငံအနှံ့အပြား အပူချိန်မြင့်တက်လာမှုကြောင့် ရေရှားပါးမှုပြဿနာများနဲ့ ကြုံတွေ့နေရသလို နေပြည်တော် ဇေယျာသီရိမြို့နယ် ကျေးရွာအများအပြားမှာလည်း ယင်းကဲ့သို့ ရေရှားပါးမှုများနဲ့ ကြုံတွေ့နေရကြောင်း ဒေသခံများထံကနေ သိရပါတယ်။

 

 

“ကျွန်တော်တို့ရွာမှာ ရေးရှားပါးမှုပြဿနာကတော့ တော်တော်လေးဆိုးနေတာ အပူချိန်တွေကလည်း မြင့်တက်လာတယ် ရေတွင်းနေလည်း တစ်စက်မှကိုမရှိတော့တာ အရင်(၁၀)နှစ်လောက်ကထက် ဒီနှစ်ကပိုပြီးတော့ကို အခြေအနေဆိုးလာတယ်”ဟု နန်းသြကျေးရွာအုပ်စု ဥယျာဉ်အရှေ့ရွာဒေသခံ ဦးသန်းလွင်ကပြောပါတယ်။

 

 

ကမ္ဘာအနှံ့ ဆယ်စုနှစ်ကာလ (သို့မဟုတ်) ရာစုနှစ်ချီပြီး ပြောင်းလဲသွားတဲ့ ရာသီဥတုဖြစ်စဉ် (Climate Change)ကြောင့် မြန်မာနိုင်ငံရဲ့ အသားတင်ရငွေ ၂ဒသမ၅ရာခိုင်နှုန်းဟာ ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနေရတယ်လို့ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းအဖွဲ့(MCCA)ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

 

 

နန်းသြအုပ်စုမှာ ရွာပေါင်းလေးရွာရှိပြီးတော့ ဥယျာဉ်အရှေ့ရွာမှာ အိမ်ထောင်စုပေါင်း (၁၂၀)ရှိပြီး တစ်နေ့ရေဂါလံ(၁၂၀၀)ဆန့်တဲ့ ကားကြီးနှစ်စီးခန့်ရရှိမှသာ အစဉ်ပြေနိုင်မှာဖြစ်ပြီးတော့ ဇေယျာသီရိမြို့နယ်ထဲမှာ မိမိတို့ရဲ့ကျေးရွာအုပ်စုဟာ ရေအခက်အခဲဆုံးဖြစ်နေပြီး အလှုရှင်များကို အားကိုးနေရတယ်လို့ ဦးသန်းလွင်က ပြောပါတယ်။

 

ထို့ပြင် အိမ်ခြေ(၈၀၀)ခန့်ရှိတဲ့ ပုပ္ပါးကုန်းကျေးရွာမှာလည်း ရေအခက်အခဲဖြစ်နေပြီး မြေအောက်ရေရရှိဖို့ ပေ(၂၀၀)နီးပါးထိ တူးပေမယ့် ရေလုံလောက်စွာမရရှိခဲ့တဲ့အတွက် အလှုရှင်များကို မျှော်လင့်နေရတယ်လို့ ပုပ္ပါးကုန်းကျေးရွာ ရာအိမ်မှုးဦးစိုးကျော်ထံကနေ  သိရပါတယ်။

 

“ရေရှားပါရတဲ့ အကြောင်းအရင်းကတော့ ရာသီဥတုပူလာတယ် သစ်ပင်သစ်တောတွေ မရှိတော့လို့ဖြစ်နိုင်တယ် အိမ်ခြေတွေနဲ့ လူဦးရေကလည်း ပိုပြီးတိုးလာတော့ သုံးစွဲမှုကလည်း များလာလို့ဖြစ်နို်င်ပါတယ်” လို့ ရာအိမ်မှုးဦးစိုးကျော်ကပြောသည်။

 

မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က အယ်နီညိုရာသီဥတုဟာ     စတင်နေပြီဖြစ်ပြီးတော့ ၂၀၁၉ခုနှစ်ဇွန်လအထိ သွားနေကြောင်း ယင်းရာသီဖြစ်ပါက ရာသီဥတုဖောက်ပြန်မှု ရှိလာနိုင်ပြီး သတိထားကြဖို့ လိုအပ်သလို ၂၀၂၂ခုနှစ်အထိ အပူဆုံးနှစ်များ ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ စစ်တမ်းတစ်ခုကနေ ထုတ်ပြန်သတိပေးမှုများ ရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။

 

မြန်မာနိုင်ငံဟာ  ကမ္ဘာပေါ်မှာ တတိယမြောက် ရာသီဥတုပြောင်းလဲမှု ထိခိုက်အလွယ်ဆုံး နိုင်ငံဖြစ်ပြီး စက်မှု ထွန်းကားသော နိုင်ငံများကြောင့် ရာသီဥတုပြောင်းလဲခြင်းရဲ့ ကြီးမားတဲ့ ဆိုးကျိုးများကို တွေ့ကြုံခံစားနေရကြောင်း မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ (MCCA)ရဲ့ မဟာဗျူဟာ လုပ်ငန်းအစီအစဉ် (၂၀၁၆-၂၀၃၀)ခုနှစ်မှာ ဖော်ပြထားပါတယ်။

ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများနဲ့အတူ အပူချိန်မြင့်တက်လာမှုများကြောင့် ရေရှည်မှာ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က “မြေပေါ်ရေကို ဘယ်လိုထိန်းသိမ်းမလဲ မြေအောက်ရေကို စနစ်တကျ ဘယ်လိုထုတ်ယူမလဲ ဒီနည်းလမ်းနှစ်မျိုးစလုံးကို သုံးဖို့လိုလာပြီ မြေအောက်ရေဆိုတာကလည်း ကြွယ်ဝနေတာမဟုတ်ဘူး စနစ်တကျစီမံခန့်ခွဲ သုံးစွဲနိုင်ဖို့အတွက် ကျွန်တော်တို့လွှတ်တော်က ဥပဒေပြဌာန်းနိုင်အောင် ပြင်ဆင်နေတာရှိတယ်”လို့  ပြောကြားခဲ့ပါတယ်။

 

နေပြည်တော် ဇေယျာသီမြို့နယ်အပါအ၀င် ဗုပ္ပသီရိမြို့နယ်ကျေးရွာအချို့မှာ ရေရှားပါမှုပြဿနာများ ဖြစ်ပွားနေမှုအပေါ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဌာနဆိုင်ရာများပူးပေါင်းကာ သောက်သုံးရေများ သွားရောက်လှုဒါန်းမှု ရှိနေကြောင်းလည်း သိရပါတယ်။

 

ဇေယျာသီရိမြို့နယ်မှာ ယခုနှစ်အတွင်း သောက်သုံးရေ လုံလောက်မှုမရှိတဲ့ ကျေးရွာများစာရင်းအရ ချောင်းဖျား၊စက်ကုန်း ပုပ္ပါးကုန်းအပါအ၀င် ကျေးရွာပေါင်း(၉)ရွာရှိပြီးတော့ အိမ်ခြေ(၃၅၀၀)နဲ့ အိမ်ထောင်စု(၃၂၂၈)အပြင် လူဦးရေပေါင်း(၁၃၇၈၀)ရှိကြောင်း ဇေယျာသီရိမြို့နယ် NLDဥက္ကဌဖြစ်သူ ဦးသက်ထွေးထံကနေ သိရှိရပါတယ်။

 

#voiceofmyanmar  #ဇေယျာသီရိ #ရေရှားပါး #ရာသီဥတုဖေါက်ပြန်

 

ဓာတ်ပုံ ကိုသက်ထွေး

Related posts

Leave a Comment

VOM News

FREE
VIEW