လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မုံရွာစက်မှုဇုံလုပ်ငန်းရှင်များ အကြပ်တည်းဖြစ်

မုံရွာ၊ မေ ၁၄၊ ၂၀၁၉

ရန်နိုင်စိုး

 

မုံရွာမြို့ စက်မှုဇုံမှာ လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်မှုတွေကြောင့် လုပ်ငန်းတွေ အရှုံးပေါ်နေပြီး အကြပ်တည်းနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

 

စက်လည်ပြီး လုပ်ငန်းလုပ်နေစဉ်မကြာခဏ ပြတ်တောက်တာတွေကြောင့် လုပ်ငန်းရှင်တွေသာမက အလုပ်သမားတွေပါ ထိခိုက်နစ်နာရတယ်လို့ လုပ်ငန်းရှင်တစ်ဦးက အခုလိုပြောပါတယ်။

 

“ကျနော်တို့က မီးပျက်တဲ့အချိန် အတိကျသိရရင် တော်သေးတယ်။ အခုက ပျက်မယ် လာမယ်ဆိုတာ ထုတ်ပြန်ချက်နဲ့ မညီဘူး။ အဲ့တော့ မီးပျက်ရင် အလုပ်သမားတွေ ပြန်လွှတ်ရတယ်။ သူတို့လဲ ကသိကအောက်ဖြစ်တာပေါ့။ လုပ်ငန်းရှင်အနေနဲ့လည်း  ဖောက်သည်တွေကို နားလည်အောင် တော်တော်တောင်းပန်ယူထားရတယ်။ မီးစက်နဲ့ စက်လည်တာတွေ ရှိပေမယ့် အရေးကြီးတဲ့ ကဏ္ဍပိုင်းက စက်တွေကျတော့ သိပ်မဆွဲချင်ဘူး။ စက်လည်တဲ့ ဒီဇယ်စရိတ် ညဆင်းအလုပ်သမားစရိတ်နဲ့ဆိုရင် ရှုံးတယ်။ ဖောက်သည်မပြတ်ချင်လို့သာ ဆက်လုပ်နေရတာ” လို့ မုံရွာမြို့ စက်မှုဇုံမှ ပဲခွဲစက် လုပ်ငန်းရှင် ဦးမြင့်အောင်က ပြောပါတယ်။

 

မုံရွာမြို့မှာ လျှပ်စစ်မီးလုံလောက်အောင် မပေးနိုင်တာဟာ ရေအားလျှပ်စစ် ထုတ်လုပ်မှုဖြစ်တဲ့အတွက် နွေခါမှာ ရေခမ်းခြောက်မှုတွေကြောင့် မလုံလောက်လို့ သတ်မှတ်ချိန်တွေအပြင် အရေးပေါ် ဖြတ်တောက်ရတာဖြစ်တယ်လို့  မုံရွာမြို့ EPC ရုံးတာဝန်ရှိသူက ဆိုပါတယ်။

 

“မုံရွာအတွက် လျှပ်စစ်ဓါတ်အားကို ကျွန်းချောင်းကလဲ ယူတယ်။ ရွှေလီ အုံးတောဘက် ကလဲ ယူတယ်။ လျှပ်စစ်ဓါတ်အားက ရေမရှိတော့ နည်းတာပါတယ်။ သိုလှောင်ဓါတ်အားလည်း အရေးပေါ်ဆိုရင် ချန်ထားရတာ ရှိတယ်။ မသုံးရဲဘူး။ မြို့အတိုင်းတာအနေနဲ့ အလှည့်ကျခွဲဝေပေးပါတယ်။ ဒါပေမယ့် အရေးပေါ် အနေနဲ့ မီးအားကျသွားတဲ့ အချိန်တွေဆိုရင် သတ်မှတ်လာချိန်ထဲက ဖြတ်လိုက်ရတာပါ ” လို့ မုံရွာမြို့နယ် EPC မှ လျှပ်စစ်ကျွမ်းကျင် ဦးမောင်မောင်က ပြောပါတယ်။

 

လက်ရှိ မုံရွာမြို့ လျှပ်စစ်ဓါတ်အားဟာ တစ်ရက်ကို ၂ နာရီခြား တကြိမ် ၄ နာရီပြတ်တောက်မှုရှိပြီး နေ့စဉ်ဆိုသလို ပေးဝေရမည့်အချိန်ထဲက အရေးပေါ် ဖြတ်တောက်မှုတွေလည်း ရှိနေပါတယ်။

 

ယမန်နှစ်က နွေရာသီမှာ လျှပ်စစ်ဓါတ်အား လုံလောက်မှုမရှိတာကြောင့် ပေးဝေမှု ပြတ်တောက်တာတွေ ရှိခဲ့ပေမယ့် ဒီနှစ်ကတော့ စွမ်းအင် ပြတ်တောက်မှုဟာ အဆိုးဆုံးဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

 

အခုလို စွမ်းအင် ပြတ်တောက်မှုတွေကြောင့် စက်မှုဇုံလုပ်ငန်းရှင်တချို့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရကို တင်ပြသွားမယ်လို့လဲ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW