ပုသိမ်ကြီးမြို့နယ် အောင်သပြေ ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်ဆန္ဒပြမှု ပဋိပက္ခအသွင်ဆောင်နေ

ပုသိမ်ကြီး – မေ ၁၅-၂၀၁၉

ဟိန်းကို­+ဖြူဖြူ (VOM)

 

မန္တလေးတိုင်း၊  ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာမှာ  ဒီကနေ့မနက်ပိုင်းက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ‘မြင့်” ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကိုရွာသူ/သားတွေက ကန့်ကွက်တဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ အခြေနေတင်းမာနေပါတယ်။

 

ရဲအင်အား ၁၅၀ ကျော်နဲ့ ဒေသခံအများအပြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်အထိဆွေးနွေးညှိနှိုင်းနေဆဲဖြစ်တယ်လို့  ဒီဖြစ်စဉ်နေရာမှာရောက်ရှိနေတဲ့ Voice of Myanmar (VOM) သတင်းဌာနက ကိုဟိန်းကိုက သတင်းပို့ထားပါတယ်။

 

ကိုဟိန်းကိုပြောတာကတော့ “စက်ရုံထဲမှာမီးလောင်ထားတဲ့အတွက် မီးသတ်က ၀င်ချင်တာကို ရွာသူ၊ ရွာသားတွေက အ၀င်မခံဘဲ လမ်းမှာတားထားတယ်။ လုံး၀၀င်ခွင့်မပေးဘူး။ အဲ့မှာလမ်းပိတ်ဆို့မှုဖြစ်တယ်ဆိုပြီးတော့ ရဲအင်အား တစ်ရာကျော်လောက်က သူတို့ဖယ်မပေးတော့ လက်ရှိတော့ဆွေးနွေးညှိနှိုင်းနေတယ်။ အဲ့ဒါမှမရဘူးဆိုရင်ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ စက်ရုံထဲကိုမီးသတ်ကားဝင်ရဖို့အတွက် ကြိုစားတော့ နောက်ဆုံးမှာ ဝင်ခွင့်ရသွားပါတယ်။  မီးကတော့ငြိမ်းပြီးသွားပြီ၊မီးသတ်ကားငါးစီးလောက်ရှိတယ်။ အုတ်တံတိုင်းကာထားတဲ့အတွက်ပျက်စီးမှုတွေတော့မမြင်ရပါဘူး။” လို့  ပြောပါတယ်။

 

 

လက်ရှိမှာ ရွာသူ/ရွာသားတွေကန့်ကွက်မှုပြုလုပ်နေတာကို ရဲတပ်ဖွဲ့က အင်းအားသုံး သေနတ်ပစ်ခတ်ပြီး ရွာသူ/ရွာသား ၃ဦးနဲ့ မန္တလေးအခြေစိုက် Channel Mandalay TV သတင်းဌာနက သတင်းထောက် တစ်ဦးလည်း ဖမ်းဆီးခံထားရပါတယ်။

 

ဒီစီမံကိန်းကို ၂၀၁၂ ကတည်းက လျာထားခဲ့တာဖြစ်ပြီး ဒေသခံတွေကန့်ကွက်လို့ ရပ်ထားရာက ၂၀၁၅ ခုနှစ် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ်ဆိုပြီးပြန်လည်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ အဲဒီ နောက်မှာဒေသခံတွေအနေနဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကိုကန့်ကွက်စာတွေ ပေးပို့တင်ပြခဲ့ရာကနေ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေအထိလုပ်ဆောင်ခဲ့ကြပါတယ်။

 

၂၀၁၈ခုနှစ်နောက်ပိုင်းမှာကန့်ကွက်မှုတွေ၊ဆန္ဒထုတ်ဖော်မှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်ကန့်ကွက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေကြောင့်ဒေသခံ ၁၈ ဦးဟာ လမ်းတံတားဥပဒေပုဒ်မ၊ ငြိမ်းစုစီပုဒ်တွေနဲ့ ဖမ်းခံထားရသူရှိသလို တရားရင်ဆိုင်နေကြရပါတယ်။

 

ဒေသခံတွေကန့်ကွက်နေတဲ့ ယင်းဘိလပ်မြေစက်ရုံကိုဆက်လက်လုပ်ကိုင်ခွင့်ပြုတာဟာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုအရေးယူပေးဖို့ NLD ရုံးချုပ်ကိုလည်းတိုင်ကြားစာတွေပေးပို့ခဲ့ပါတယ်။

 

ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ ရွာစည်းရိုးနဲ့ ထိကပ်နေပြီး စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် သူတို့ရွာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရပ်ဆိုင်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်ထောင်စုအစိုးရက ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

 

#voiceofmyanmar #အောင်သပြေ #ဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW