ဒီနှစ် ဘဏ္ဍာနှစ် ခုနစ်လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်ကျော်ရှိ

ရန်ကုန် ၊မေ ၁၆ – ၂၀၁၉

သိင်္ဂီ (VOM)

 

ဒီနှစ် ဘဏ္ဍာနှစ်ရဲ့ ၇ လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်းအမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောပါတယ်။

 

ဒီရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက်အနေ့အထိ အသစ်ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့  ရှိပြီးသားရင်းနှီးမြှုပ်နှံမှုအပေါ်ထပ်တိုးတဲ့ ပမာဏတွေဖြစ်ပါတယ်။

 

“အထူးစီးပွားရေးဇုန်ရော ၊ထပ်တိုးရင်းနှီးမြှုပ်နှံမှုရော၊ အသစ်ဝင်လာတာရောဆိုရင် အမေရိကန်ဒေါ်လာ ၂၅၆၈.၆၃၃ ရှိပြီ။” လို့ ဒေါ်တင်အေးဟန်က ပြောပါတယ်။

 

ကာလတူနှိုင်းယှဉ်ချက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာကနေ ၂၀၁၈ ခုနှစ် မေလအထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် အမေရိကန်ဒေါ်လာ သန်း  ၁၀၀၀ နီးပါးလောက် တိုးတက်လာတာဖြစ်ပါတယ်။

ဒီနှစ် ဧပြီ ၂၆ရက်ကနေ မေ ၁၁ အတွင်းမှာပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၉.၅၉၉ သန်းခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီကနေ အလုပ်အကိုင်အခွင့်အလမ်း ၈၀၀ ကျော်ရရှိမှာဖြစ်ပါတယ်။

 

အသစ်ဝင်ရောက်လာတဲ့မြှုပ်နှံမှု ပမာဏအနေနဲ့ကတော့ အမေရိကန်ဒေါ်လာ ၁၇၀၂.၃၀၆ သန်းဖြစ်ပြီး လုပ်ငန်းအနေနဲ့က ၁၅၅ ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကတော့ ၇ လကျော်ကာလမှာ  အသစ်ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့  ရှိပြီးသားရင်းနှီးမြှုပ်နှံမှုအပေါ်ထပ်တိုးတဲ့ပမာဏပေါင်း အတွက် အမေရိကန်ဒေါ်လာ ၃၁၂.၀၀၃ သန်းနဲ့ ကျပ်ငွေ ၉၀၆၉၈၂.၈၁၀ သန်း ရှိခဲ့တယ်လို့သိရပါတယ်။

 

#voiceofmyanmar # နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW