အောင်သပြေရွာ ပဋိပက္ခ နောက်ဆုံးအခြေအနေ

 

 

မန္တလေး ၊ မေ – ၁၆ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး ဘိလပ်မြေစက်ရုံတည်ဆောက်မှု ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ မနေ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပြင် လက်ရှိအချိန်အထိ သတင်းထောက်တစ်ဦးနဲ့ ဒေသခံ လေးဦးကို ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

 

မနေ့က ရဲအင်အား တစ်ရာကျော်နဲ့ ဒေသခံတွေ အပြန်အလှန် သေနတ်ပစ်ခတ်မှု၊ ခဲပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကုမ္ပဏီက ပစ္စည်းတချို့ မီးရှို့ဖျက်စီးခံခဲ့ရပြီး  သတင်းရယူနေတဲ့ သတင်းထောက်တစ်ဦးနဲ့ ဒေသခံနှစ်ဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။

 

ဒီနေ့မှာ အောင်သပြေကျေးရွာ ရာအိမ်မှူးနဲ့ ဒေသခံတစ်ဦး ကိုထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

 

“ကုမ္ပဏီကို ကားတွေ ၀င်ထွက်နေတာမဟန့်တားရဲအောင် တောင်တွေပေါ်ကနေ ဗီဒီယိုတွေ၊ဓာတ်ပုံတွေရိုက်တယ်၊ ပြီးတော့ရွာပတ်ပတ်လည်ဟုတ်မဟုတ်တော့ မသိဘူး၊

ရဲအင်အားအလုံးအရင်းနဲ့ ၀ိုင်းထားတယ်၊ညဘက်ကို အကြမ်းဖက်ဖြိုခွင်းမယ်လို့ သူတို့သတင်းလွှင့်ထားကြတယ်။ ”လို့ အောင်သပြေ ဒေသခံ ဦးရွှေအုန်းက ပြောပါတယ်။

 

ဒီစီမံကိန်းကို ၂၀၁၂ ကတည်းက လျာထားခဲ့တာဖြစ်ပြီး ဒေသခံတွေကန့်ကွက်လို့ ရပ်ထားရာက ၂၀၁၅ ခုနှစ် အန်အယ်လ်ဒီအစိုးရသစ်လက်ထက်မှာမှ တိုင်းအစိုးရက ဥပဒေနဲ့ညီတယ်ဆိုပြီးပြန်လည်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

 

အဲဒီ နောက်မှာဒေသခံတွေအနေနဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကိုကန့်ကွက်စာတွေ ပေးပို့တင်ပြခဲ့ရာကနေ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒထုတ်ဖော်တာတွေအထိလုပ်ဆောင်ခဲ့ကြပါတယ်။

 

၂၀၁၈ခုနှစ်နောက်ပိုင်းမှာကန့်ကွက်မှုတွေ၊ဆန္ဒထုတ်ဖော်မှုတွေပိုမိုပြင်းထန်လာခဲ့ပါတယ်ကန့်ကွက်မှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေကြောင့်ဒေသခံ ၁၈ ဦးဟာ လမ်းတံတားဥပဒေပုဒ်မ၊ ငြိမ်းစုစီပုဒ်တွေနဲ့ ဖမ်းခံထားရသူရှိသလို တရားရင်ဆိုင်နေကြရပါတယ်။ ဦးရွှေအုန်း ကိုယ်တိုင်ကလည်း တရားစွဲခံထားရသူတဦး ဖြစ်ပါတယ်။

 

ဒေသခံတွေကန့်ကွက်နေတဲ့ အဲဒီဘိလပ်မြေစက်ရုံကို ဆက်လက်လုပ်ကိုင်ခွင့်ပြုတာဟာ ဘက်လိုက်မှုတွေရှိနေတယ်ဆိုပြီး မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့တိုင်းလွှတ်တော်ဥက္ကဋ္ဌ ကိုအရေးယူပေးဖို့ NLD ရုံးချုပ်ကိုလည်းတိုင်ကြားစာတွေပေးပို့ခဲ့ပါတယ်။

 

ဒီဘိလပ်မြေစက်ရုံစီမံကိန်းဟာ ရွာစည်းရိုးနဲ့ ထိကပ်နေပြီး စက်ရုံပြီးလို့ လည်ပတ်မယ်ဆိုရင် ကျောက်မီးသွေးနဲ့ ကျောက်မှုန့်တွေကြောင့် သူတို့ရွာ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် ရပ်ဆိုင်းပေးဖို့၊ ဖမ်းဆီးထားသူတွေကို  အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ပြည်ထောင်စုအစိုးရက ကွင်းဆင်းစစ်ဆေးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

 

“သူတို့က ၀င်စီးခဲ့ရင် ကျွန်တော်တို့ကတော့ သေရင်လည်းသေပါစေတော့ ၊မဟုတ်လည်း ဒုက္ခရောက်နေတာဖြစ်တဲ့အတွက် လုပ်မှာပဲ။သူတို့က ဒီကုမ္ပဏီဘက်ကို ပံ့ပိုးပြီးတော့ ရွာကိုကျ တစ်ဖက်သတ်လုပ်နေတာဆိုတော့ ကျွန်တော်တို့ကတော့ သေရင်လည်းသေပါစေတော့။ ” လို့ ဦးရွှေအုန်းက ပြောပါတယ်။

 

ဒါ့အပြင် လက်ရှိအချိန်အထိတော့ မန္တလေးတိုင်းအစိုးရအဖွဲ့က လာရောက်ဆွေးနွေးညှိနှိုင်းတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

 

#voiceofmyanmar #အောင်သပြေ ပဋိပက္ခ #ဘိလပ်မြေစက်ရုံ #ပုသိမ်ကြီး #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW