ကုလအရာရှိ မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခွင့် မရရှိတဲ့အပေါ် အစိုးရကိုဝေဖန်

စစ်တွေ၊ မေ ၁၆-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာတို့ကို စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်လေ့လာခွင့်မပေးတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက အစိုးရကိုဝေဖန်မှုတွေ ရှိနေပါတယ်။

 

အခုလိုမျိုး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဖုံးကွယ်ထားချင်တဲ့ သဘောနဲ့ ကုလသမဂ္ဂရဲ့အကြီးအကဲကို ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ဖို့အတွက် လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုပေးတာသာဖြစ်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

 

“သူတို့သတင်းတွေကို ဖုံးဖိထားချင်တယ်လို့ မြင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့ဧရိယာကို သွားတာလည်းမဟုတ်ဘူး။ စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ နေရာကို သွားတာပေါ့။ အနီးစပ်ဆုံးနေရာတစ်ခုကိုတော့ သွားခွင့်ပြုသင့်တယ်လို့ မြင်တယ်။” လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၄ သောင်းဝန်းကျင်ရှိနေပြီး အဲ့ဒီဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားရေးအတွက် ဆောင်ရွက်မှုတွေ ပြင်ဆင်ပေးဖို့လိုအပ်ကြောင်းနဲ့ အစိုးရအနေနဲ့ မိုးမကျခင်မှာ နေရာချထားမှုတွေ ပြုလုပ်မယ်ဆိုတာဟာ ဖြစ်နိုင်ခြေနည်းပါးကြောင်း ဝေဖန်ပြောဆိုနေကြတာပါ။

 

ဒ့ါအပြင် ဒုက္ခသည်ဦးရေတိုးလာပြီး မကြာခင်ကျတော့မယ့် မိုးတွင်းကာလအတွက် နေရာထိုင်ခင်းပြင်ဆင်ဖို့ ကိစ္စတွေကို ခုချိန်ထိ ပွင့်လင်းစွာစီစဉ်ဆောင်ရွက်နေတာတွေ မရှိသေးဘဲ အကူအညီတွေအတွက်လည်း ကန့်သတ်တာတွေရှိနေတယ်လို့ ဆိုကြပါတယ်။

 

“ဘယ်လိုပြင်ဆင်မလဲဆိုတာကလည်း ဒီနေ့ထိပွင့်လင်းစွာ ပြောဆိုတာမရှိသေးဘူး။ အလှူပေးတဲ့သူတွေကိုလည်း ခွင့်ပြုချက်ပါမှ ပေးရမယ်ဆိုတဲ့အခါမှာ အကူအညီပေးသူတွေလည်း တော်တော်လေးကို နည်းသွားပါတယ်။ အဲ့ဒီတော့ ဒုက္ခသည်တွေဟာ လူ့ဂုဏ်သိက္ခာမဲ့စွာနဲ့နေနေရတယ်။” လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အခက်အခဲအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ခဲ့ကြတဲ့အတွက် ကလေးတွေရဲ့ပညာရေးတွေကို ရပ်နားလိုက်ရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ထောက်ပြပြောဆိုမှုတွေရှိပါတယ်။

 

#voiceofmyanmar # ကုလအရာရှိ # စစ်ဘေးရှောင်စခန်း # ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW