AA အတွက်ရိက္ခာခြောက်တွေ တွေ့တယ်ဆိုပြီး ရွှေပြည်ရွာက ရာအိမ်မှူးကို တပ်မတော်ကဖမ်းဆီး

ကျောက်တော်၊ မေ – ၁၇-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အထက်ပိုင်းမှာရှိတဲ့ ရွှေပြည်ရွာက ရာအိမ်မှူးကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။

 

 

မေလ ၁၅ ရက်က အဲ့ဒီရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်း ရှာဖွေမှုတွေပြုလုပ်ရာ ရာအိမ်မှူး ဦးသိန်းစောအောင်အိမ်မှာ AA အတွက်စုဆောင်းထားတဲ့ ရိက္ခာတွေ တွေ့တယ်ဆိုပြီး  ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

 

“ရာအိမ်မှူး ဦးသိန်းစောအောင်ကို ဖမ်းဆီးသွားတယ်ဆိုတာဟုတ်ပါတယ်။ တနေ့ကဖမ်းဆီးသွားတာပါ။ သူ့မှာက ဆိုင်ရောင်းတယ်။ အဲ့ဒီမှာ ခေါက်ဆွဲခြောက်တို့၊ ဆီတို့၊ ထမင်းခြောက်တို့ရတယ်ဆိုပြီးတော့ ပစ္စည်းတွေကိုလည်း သိမ်းတယ်။သူ့ကိုလည်းဖမ်းဆီးသွားတယ်။ ’ လို့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။

 

ရေသန့်၊ မာမီးခေါက်ဆွဲ၊ ငရုတ်မှုန့်၊ ဆား၊ ဓါတ်ဆား၊ ငပိ၊ ဟင်းချိုမှုန့်၊ ထမင်းခြောက် စတဲ့ပစည်းတွေကိုလည်း သိမ်းဆည်းသွားတာဖြစ်ပြီး တန်ဖိုးငွေ ငါးသိန်းဖိုးလောက် ပါသွားတယ်လို့  ဦးသိန်းစောအောင်ရဲ့ ဇနီးဖြစ်သူဒေါ်မိုးမိုးရီက  ပြောပါတယ်။

 

“AA နဲ့ဆက်စပ်တယ်၊ ဒီပစ္စည်းတွေက AA ကိုပို့မယ့်ရိက္ခာတွေဆိုပြီးတော့ ဖမ်းသွားတယ်။ ကျွန်မယောက်ျားကိုလည်း ဓါတ်ပုံရိုက်တယ်။ ပြီးတော့ ခေါ်သွားတယ်။ ခုထိပြန်မလွှတ်သေးဘူး။ ဘယ်နေရာမှာရှိနေတယ်ဆိုတာလည်း မသိရသေးဘူး။”လို့  ဒေါ်မိုးမိုးရီက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကြောင်းအတွင်းမှာရှိတဲ့ မျောက်တောင်ကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ AAတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို ရွှေပြည်ကျေးရွာကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တာပါ။

 

“ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးပါမယ်။ အဲ့ဒီရာအိမ်မှူးရဲ့ အိမ်ကနေ ကျွန်တော်တို့ ရှာဖွေမှုတွေပြုလုပ်တဲ့အခါမှာ ရိက္ခာခြောက်တွေကိုတွေ့တယ်။ ထမင်းခြောက်တို့၊ မာမီးခေါက်ဆွဲတို့ပါတယ်။ သက်သေခံပစ္စည်းတွေနဲ့အတူ ဓါတ်ပုံရိုက်ထားတာတွေရှိတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ စစ်ဆေးနေပါတယ်။”လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။

 

အခုလိုမျိုး တပ်မတော်ဘက်က ကျေးရွာရာအိမ်မှူးကို ဖမ်းဆီးသွားတဲ့အတွက် မိသားစုတွေစိုးရိမ်နေကြသလို ကျေးရွာသားတွေလည်း စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ရွှေပြည်ရွာရာအိမ်မှူး # AA အတွက်ရိက္ခာ#တပ်မတော်ဖမ်း #ရခိုင် #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW