ပြည် – အောင်လံ လမ်းမပေါ်က တိုးဂိတ်ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်

ပြည်၊ မေ – ၂၃ – ၂၀၁၉

ဂျန်ကိုးလ် (VOM)

 

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့မှာ ပြည်-အောင်လံ လမ်းပေါ်က  တိုးဂိတ်ဖျက်သိမ်းရေး ဒီနေ့ မနက်က ယာဉ်ပိုင်ရှင်တွေ စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

မြို့အဝင်က Max Myanmar High Way တိုးဂိတ် အလိုမရှိ၊ အပြီးတိုင် ဖျက်သိမ်းပေးရေး ဗီနိုင်းပိုစတာ များကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြပြီး ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ စပယ်ယာ စုစုပေါင်း လူဦးရေ ၁၀၀ ကျော်နဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

 

“ပြည်မြို့နဲ့ထန်းပေါက်ရွာက ကပ်လျှက်ရှိတယ်။ ကျနော့်တို့ထန်းပေါက်ကျေးရွာအနီးမှာ တည်ဆောက်ထားတဲ့တိုးဂိတ်က လမ်းကြေးကို တနေ့တနေ့ဖြတ်သန်းရတဲ့ ကားတစီးကို ၃၀၀၀ မြို့၊ဝင်ကြေးက ၅၀၀ အဲလိုပေးဆောင်ရတယ်။ မက်မြန်မာရဲ့ဂိတ်တွေကနီးကပ်လွန်းပါတယ်။ ရွှေတောင်နဲ့ပြည် တိုးဂိတ်က မိုင်၂၀ ဝန်းကျင်ဘဲရှိတယ်။ အခုတိုးဂိတ်က ဘွက်ကြီးတိုးဂိတ်နဲ့ မိုင် ၃၀ ခန့်ဘဲဝေးတယ်။ ကျနော်တို့က ၂မိုင်လောက်နဲ့ မိုင် ၃၀ စာပေးနေရတယ်။ ဒါကြောင့် ဒီတိုးဂိတ်ကို အပြီးဖျက်သိမ်းစေချင်တာ။”လို့ ဖောကားမောင်းသူ ဦးလင်းချိုက ပြောပါတယ်။

 

ပြည်မြို့က အိမ်စီးကားနဲ့ လုပ်ငန်းသုံးယာဉ်တွေ နေ့စဉ်ဖြတ်သန်းသွားလာနေရပြီး မြို့ဝင်ကြေး အပါအဝင် အောင်လံမြို့အနီးရှိ ဗွက်ကြီးတံတားတိုးဂိတ်ထိ  တွက်ချက်တောင်းခံနေတဲ့အတွက် ကျေးရွာမော်တော်ယာဉ်တွေနဲ့ လိုင်းကား၊ အိမ်စီးကားတွေအတွက် နစ်နာမှုရှိတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် သတ်မှတ် မိုင်နေရာ ပြည့်တဲ့ နေရာတွေသို့ ရွှေ့ပြောင်းပေးဖို့ အလိုရှိတယ်လို့ ဆန္ဒထုတ်ဖော်သူတွေက ပြောပါတယ်။

 

“တိုးဂိတ်ခ ပေးနေရတာ အင်မတန်များပြားတဲ့ နှုန်းထားတွေဖြစ်လို့ ကျွန်တော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးခေါ်ယူပြီးတော့ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း သူတို့က ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ ပြောတာကို လက်မခံပါဘူး။ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုလို့ရှိရင် တိုးဂိတ်ဟာ ကျွန်တော်တို့မြို့နားမှာ လုံးဝမရှိရပါဘူး။ ဒါကြောင့်မို့ ဒီတိုးဂိတ်ကြီးကို နေရာရွှေ့ပြောင်းပေးရေးကို ကျွန်တော်တို့ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်။”လို့ မာဇဒါ မြို့တွင်းလိုင်းကားဂိတ်မှူး ဦးမြင့်အေးက ပြောပါတယ်။

 

အဲဒီကိစ္စနဲ့ပတ်သက်ပြီး Max Myanmar တိုးဂိတ်တာဝန်ရှိသူတွေဆီ သွားရောက် မေးမြန်းရာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းပြောဆိုထားပြီးဖြစ်တဲ့အတွက် သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားဖို့ မလိုပါဘူးလို့ ပြောပါတယ်။

 

#voiceofmyanmar #တိုးဂိတ်ဖျက်သိမ်းရေး #ဆန္ဒထုတ်ဖော် #ပြည် #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW