သကြားကို အရည်ဖျော်ပြီး တင်လဲရည်လို တရုတ်ကို တင်ပို့နိုင်

ရန်ကုန်၊ မေ -၂၄ – ၂၀၁၉

သူရိန် (VOM)

 

မြန်မာနိုင်ငံကထွက်ရှိတဲ့ သကြား​တွေ အတုံးအခဲလိုက်တင်ပို့တာကို တရုတ်​က လက်ခံခြင်းမရှိတဲ့အတွက်​အရည်ဖျော်ပြီး တင်လဲရည်အဖြစ်​ ပြောင်းလဲ တင်ပို့နိုင်တယ်​လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

 

“တရုတ်က သကြားကို အတုံးအခဲလိုက် လက်မခံပေမယ့် သကြားဓာတ်က ၅၅ ရာခိုင်နှုန်း၊ ရေက ၄၅ ရာခိုင်နှုန်း အချိုးအစားနဲ့ အရည်ဖျော်ပြီး တင်လဲရည်အဖြစ်နဲ့ လက်ခံမယ်ဆိုတဲ့အတွက်ကြောင့် အခုဆို တင်လဲရည်စပ်တဲ့ စက်တွေလည်း ပေါ်လာပါပြီ။ ဒါကြောင့် သကြားလုပ်ငန်းရှင်တွေ၊ ကြံလုပ်ငန်းရှင်တွေအနေနဲ့ တရုတ်ဘက်က ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အရည်အသွေး အမျိုးအစားကို လေ့လာပြီး ဆောင်ရွက်သင့်တယ်။” လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်​။

 

တရုတ်နိုင်ငံက မြန်မာ့သကြားကို အရင်​လို ကုန်ကြမ်းတင်ပို့တာမျိုး လက်မခံဘဲ လောက်ကိုင်နယ်စပ်ကတဆင့် ကြံပင်​တွေကို ခုတ်လှဲပြီး ကြံအချောင်းလိုက်ဝယ်​​နေတာ​ကြောင့် လောက်ကိုင်ဒေသမှာ ကြံစိုက်ဧက (၁) သိန်းခွဲကျော်အထိ စိုက်ပျိုးထားပါတယ်​။

 

တရုတ်နိုင်ငံရဲ့နှစ်စဉ် သကြားလိုအပ်ချက်က တန်ချိန် ၁၆ သန်းနီးပါးရှိနေပြီး တရုတ်ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၁၀ သန်းဝန်းကျင်သာ ထုတ်လုပ်နိုင်တဲ့အတွက် တန်ချိန်  ၆ သန်းဝန်းကျင်လောက် တင်သွင်းဖို့ လိုအပ်​​နေတာပါ။

 

မြန်မာနိုင်ငံမှာသကြား ပိုလျှံမှုတွေရှိတယ်​လို့ သက်ဆိုင်ရာလုပ်ငန်းရှင်​တွေက ပြောနေပေမယ့်​ အောက် ခြေကိုကြည့်​ရင်​ ပိုလျှံတာမရှိဘဲ ဖြန့်ချီရေးနည်းပါးတာ​ကြောင့်​ ဈေးနှုန်းကြီးမြင့်စွာနဲ့ ဝယ်ယူသုံးစွဲ​နေရပါတယ်​။

 

သကြားစက်ရုံတွေက ထွက်ရှိလာတဲ့ ဘေးထွက်ပစ္စည်းတွေထဲကမှ တင်လဲရည်ကို အီသနောထုတ်လုပ်ပြီး ပြည်ပကတင်သွင်းတဲ့ လောင်စာနဲ့ ရောစပ်ကာ လောင်စာစွမ်းအင် ထုတ်နိုင်တဲ့အတွက် နိုင်ငံတကာမှာတော့  မူဝါဒတွေချမှတ်​ပြီး သကြားစက်ရုံတွေအတွက်  ဖြေရှင်းဆောင်ရွက်ပေးပါတယ်။

 

မြန်မာနိုင်ငံမှာလည်း ဘေးထွက်ပစ္စည်းတွေကို Value Added ပြုလုပ်ပြီး ထုတ်လုပ်ဖို့အတွက် နိုင်ငံတကာလို မူဝါဒမျိုး ချမှတ်ပေးပြီး ရေရှည်အတွက်ဆောင်ရွက်ပေးစေချင်တယ်လို့ မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဋ္ဌေးက ပြောပါတယ်။

 

ပြည်တွင်းသကြား​ အထွက်နှုန်းတိုး​နေ​ပေမယ့်​ လတ်တလောမှာ ဝယ်လက်မရှိလို့ စုပုံနေတာ၊ သကြားဈေးနှုန်းကျဆင်း​နေတာ ၊ ရောင်းချမှုခက်ခဲတာ၊ လက်ကျန်သကြား​တွေအတွက်​ ထားစရာဂိုထောင်မရှိတာ၊ သကြား​တွေစုပုံနေလို့ ငွေကြေးလည်ပတ်မှု အခက်အခဲဖြစ်​နေတာ ၊ ကြံစိုက်တောင်သူ​တွေကို စိုက်ပျိုးစရိတ် ထုတ်ပေးဖို့ ခက်ခဲ​နေတာ​တွေနဲ့ ရင်ဆိုင်နေရပါတယ်​။

 

#voiceofmyanmar # သကြားကိုအရည်ဖျော်ပြီးတင်လဲရည်လိုတရုတ်ကိုတင်ပို့နိုင် #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW