အလုပ်ရှင်တွေရဲ့မတရားခေါင်းပုံဖြတ်မှုကို အလုပ်သမားတွေ ခံနေရဆဲဖြစ်

ရန်ကုန် ၊ မေ – ၂၄ – ၂၀၁၉

သိင်္ဂီ (VOM)

 

အလုပ်ရှင်တွေရဲ့မတရားခေါင်းပုံဖြတ်မှုကို  တွန်းလှန်ပြီး တောင့်ခံချင်ပေမယ့် နောက်ခံအင်အားမရှိသလို အစိုးရဘက်ကလည်း ကူညီဖြေရှင်းပေးမှု အားနည်းတာတွေကြောင့်  အလုပ်သမားအများစုဟာ အလုပ်ရှင်တွေရဲ့ မတရားဖိနှိပ်မှုကို ခံနေရတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Action Labor Rights အဖွဲ့က ဆိုပါတယ်။

 

ဒီအခြေအနေတွေကို ရန်ကုန်မှာရှိတဲ့ စက်ရုံတော်တော်များများက အလုပ်သမားအားလုံးနီးပါး ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်တယ်လို့ သိရပါတယ်။

 

“ဘယ်လိုပဲရေရှည်တိုက်ပွဲပြောပါစေ၊ အလုပ်သမားတွေအနေနဲ့ တင်းမခံနိုင်ကြဘူး။ အလုပ်ရှင်ကို မကျေနပ်လို ဆန္ဒပြနေပေမယ့် တောင့်မခံနိုင်ဘူး၊ရံပုံငွေလည်းမရှိဘူး။ ဒီတော့ နောက်ဆုံးမှာ လုပ်ငန်းခွင်ပြန်ဝင်ကြတယ်။ ရန်ကုန်စက်ရုံ တော်တော်များများမှာ တွေ့ရတယ်။ စက်ရုံနှစ်ရုံ တွဲရှိတဲ့စက်ရုံတွေဆို ပိုဆိုးတယ်။ ဥပဒေမှာကိုကလည်း လုပ်ခလစာတိုးမြှင့်ပေးရမယ်ဆိုတာပဲပါတယ်။ ဘယ်လောက်ဆိုတာမပါဘူး။ အလုပ်သမားတွေ ဆန္ဒပြနေတာ အားနေလို့တော့မဟုတ်ဘူး။ ကိုယ့်လူတွေပဲအမြဲခံနေရတယ်။ အစိုးရကလည်း ကိုယ့်လူတွေဘက်မပါဘူး။”လို့ Action Labor Rights အဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းယုမောင်က ထောက်ပြပြောဆိုလိုက်ပါတယ်။

 

စက်ရုံတစ်ရုံကို အလုပ်သမားတွေ ဆန္ဒပြတာဟာ အလုပ်သမားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေး ၊ ရပိုင်ခွင့်တွေ ချိုးဖောက်ခံရတာကြောင့်ဖြစ်တဲ့အပြင် အလုပ်လုပ်ရသလောက် အကျိုးခံစားခွင့်မရှိဘဲ မတရားခေါင်းပုံဖြတ် ဖိနှိပ်မှုတွေကြောင့်သာဖြစ်ပြီး အစိုးရသတ်မှတ်ပေးတဲ့ အခြေခံလုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်ဆိုတာကလည်း အချိန်ပိုဆင်းရတာမျိုးမရှိရင် အလုပ်သမားတစ်ယောက်အတွက် ဘယ်လိုမှ အဆင်မပြေဘူးလို့ ဆိုပါတယ်။

 

အစိုးရသတ်မှတ်ပေးထားတဲ့ အခြေခံလုပ်ခလစာအရ တစ်လကို တစ်သိန်းခွဲခန့်သာ ရရှိတာကြောင့် အခြေခံအလုပ်သမားတွေအတွက် အချိန်ပိုဆင်းခွင့်မရရင် စားဝတ်နေရေးအတွက် လောက်ငှမှုမရှိဘူးလို့ အလုပ်သမားတွေက ဆိုကြပါတယ်။

 

“ဒီကြားထဲ နေမကောင်းလို့ပျက်ရင် အဖြတ်ခံရသေးတယ်။ လုပ်သက်ကြေး၊ လုပ်ငန်းကျွမ်းကျင်ကြေးဆိုတာ ဘယ်နေမှန်းမသိဘူး။ မတရားလုပ်လွန်းလို့ မကျေနပ်ဘဲ သပိတ်စခန်းဖွင့် ဆန္ဒပြတော့လည်း ကျွန်မ တို့မှာ ကြာကြာတောင့်မခံနိုင်ဘူး။ ဘာကြောင့်ဆို ထိုင်စားနိုင်လောက်တဲ့ အခြေအနေမရှိဘူးလေ။ အစိုးရကမှ မဖြေရှင်းပေးရင် ကျွန်မတို့ဘဝက ဒီအခြေနေကနေ တက်ဖို့မပြောနဲ့ နစ်ဖို့ပဲရှိတယ်။” လို့ VIP စက်ရုံကို ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

 

ဒီလိုအခြေအနေတွေကို အစိုးရအနေနဲ့ စာအုပ်ထဲရေးသားထားတဲ့ စာတွေအတိုင်း လုပ်မနေဘဲ အလုပ်ရှင်ပြောတာ အမှန်တကယ်ဟုတ်မဟုတ် စစ်ဆေးရန်လိုအပ်သလို အလုပ်ရှင်ကအရှုံးပေါ်တယ်ဆိုတိုင်း ယုံမနေသင့်ဘူးလို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း VIP စက်ရုံကို အလုပ်သမား ၆၀၀ လောက်က  ၂၄ နာရီ သပိတ်စခန်းဖွင့်ပြီး လုပ်သက်ကြေး ၊ ကျွမ်းကျင်မှုအခကြေးငွေ ၊ဖယ်ရီကားခ အပါအဝင် အလုပ်သမားဥပဒေအရ  ဘေးအန္တရာယ်ကင်းရှင်းရေးကိုပါ တောင်းဆိုခဲ့ရာ အလုပ်ရှင်ဘက်ကနေ လုပ်သက်တစ်နှစ်ရှိသူကို လုပ်သက်ကြေးအဖြစ် တစ်လကို ၃၀၀၀ ကျပ်၊ လုပ်သက် နှစ်နှစ်ရှိသူကို တစ်လ ၆၀၀၀ ကျပ် ၊ လုပ်သက် ၃ နှစ်ရှိသူကိုတစ်လ  ၉၀၀၀ ကျပ်သာပေးဖို့ သဘောတူခဲ့တာနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar # အလုပ်ရှင်တွေခေါင်းပုံဖြတ်မှုအလုပ်သမားတွေခံနေရဆဲ #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW