ဂျပန်နိုင်ငံမှာ ကျောင်းကားစောင့်နေတဲ့ ကလေးငယ်တွေ ဓါးခုတ်ခံရ၊ သုံးဦးသေ ၁၈ ဦးဒဏ်ရာရ

တိုကျို၊ မေ -၂၈ -၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အပြင်ဘက်ရှိ ပန်းခြံတခုအနီးမှာ ကျောင်းကားစောင့်နေတဲ့ ကလေးငယ်တွေကို  အမျိုးသားတဦးက ဓားနဲ့တိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးပြီး ၁၈ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

ဒီဖြစ်ရပ်ဟာ မေ ၂၈ ရက်နံနက် အစောပိုင်းက ကာဝါဆာကီက လမ်းတခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားတဦး ပါဝင်ပါတယ်။

 

ဓါးနဲ့လိုက်ခုတ်ခဲ့သူ အမျိုးသားဟာ သူ့ကိုယ်သူလည်း လည်ပင်းကိုဓါးနဲ့လှီးခဲ့ပြီး နောက်ပိုင်းမှာတော့ အဲဒီဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားပါတယ်။

 

ဂျပန်နိုင်ငံမှာ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုဟာ ရှားရှားပါးပါး ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ မသိရသေးပါဘူး။

 

သံသယရှိသူအမျိုးသားဟာ လက်နှစ်ဘက်စလုံးမှာ ဓါးတွေကိုကိုင်ကာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့အထဲက ၁၆ ဦးဟာ ကျောင်းသူမိန်းကလေးတွေ ဖြစ်ပါတယ်။ အဲဒီအမျိုးသားဟာ ကားဂိတ်က ကလေးငယ်တွေအနား ချဉ်းကပ်သွားပြီး ကားပေါ်တက်နေတဲ့ ကလေးငယ်တွေနဲ့ ကားပေါ်ပါသူတွေကိုပါ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြစ်တင်ဝေဖန်လိုက်ပြီး ဒီကိစ္စအပေါ် ဒေါသအလွန်ထွက်မိတယ်လို့လည်း ဆိုပါတယ်။

Ref : BBC

Photo :AP

 

#voiceofmyanmar #ကျောင်းကားစောင့်နေတဲ့ကလေးငယ်တွေဓါးခုတ်ခံရ #သုံးဦးသေ၁၈ဦးဒဏ်ရာရ #ဂျပန် #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW