ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို တပ်မတော်က တရားစွဲ

မန္တလေး၊ မေ – ၂၉ – ၂၀၁၉

နေလင်း (VOM)

 

တပ်မတော် ဂုဏ်သိက္ခာ ကျဆင်းအောင်နဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေဖို့ အများပြည်သူ ပြစ်မှုကျူးလွန်ချင်လာအောင် လှုံ့ဆော်ပြီး ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြမှုတွေ လုပ်ခဲ့တယ်ဆိုပြီးတော့ ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို အရေးယူပေးဖို့ ဒုဗိုလ်မှူးကြီး သန့်ဇော်ဦးက ပြည်ကြီးတံခွန် တရားရုံးမှာ မနေ့ မေလ ၂၇ ရက်က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

 

တိုင်တန်းချက်ကို ပြည်ကြီးတံခွန် တရားရုံးက လက်ခံထားပြီး တိုင်တန်းချက် မှန်ကန်မှု ရှိမရှိကို စစ်ဆေးဖို့ ပထမရုံးချိန်းအဖြစ် ဇွန်လ ၁၁ ရက်ကို ချိန်းဆိုထားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွှေဝါရောင် ဆရာတော် ဦးစိန္တိတကို ဆက်သွယ်မေးမြန်းကြည့်တော့ “ဦးဇင်းကိုတော့ ဘယ်သူမှ အကြောင်းကြားတာမရှိသေးဘူး။ ဦးဇင်းရေးတာတွေကတော့ အများကြီးပဲ၊  ဦးဇင်းလည်း  ဘယ်သူ့ကိုမှ စော်ကားရေးသားထားတာမရှိလို့ ခေါ်ရင်တော့ သွားရင်ဆိုင်မှာပါ။” လို့  မိန့်ပါတယ်။

 

ဆရာတော် ဦးစိန္တိတဟာ တပ်မတော်က ပုဒ်မနှစ်ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဘဝအလင်း ဆရာတော် ဦးသောဘိတနဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်သံဃာ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် ထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်တပါး ဖြစ်ပါတယ်။

 

#voiceofmyanmar #ဦးစိန္တိတကိုတပ်မတော်ကတရားစွဲ #ရွှေဝါရောင်ဆရာတော် #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW