စကားပြန်လုပ်ပေးဖူးသူ ဂျပန်နိုင်ငံသားသေဆုံးမှု ဒေါ်အောင်ဆန်းစုကြည် ၀မ်းနည်းကြောင်းစာပို့

ရန်ကုန်၊ ဇွန်-၁-၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ကာဝါဆာကီမှာ ဓါးထိုးခံရပြီး သေဆုံးသွားတဲ့ ဂျပန်သံတမန်တဦးရဲ့ ကျန်ရစ်သူ ဇနီးဆီကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ၀မ်းနည်းကြောင်း စာတစောင်ပေးပို့လိုက်ပါတယ်။

 

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ ဆာတိုရှီအိုယာမာဟာ မေ ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်ဓါးနဲ့တိုက်ခိုက်မှုမှာ ဓါးကိုင်တိုက်ခိုက်သူ အမျိုးသားတဦးကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

 

သေဆုံးသူ အိုယာမာဟာ ၂၀၁၃ ခုနှစ်က ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ချိန်က သူမရဲ့ စကားပြန်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်ပါတယ်။ သူဟာ မြန်မာ့အရေးကျွမ်းကျင်သူတဦးဖြစ်ပြီး ဂျပန်သံရုံးမှာ အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည်ဟာ အိုယာမာရဲ့ ကျန်ရစ်သူဇနီးဆီကို မေ ၃၀ ရက်က စာပေးပို့ခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့အတွက် ၀မ်းနည်းကြောင်းနဲ့ အိုယာမာရဲ့ တာဝန်ထမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြထားတယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

 

သေဆုံးသူတွေထဲမှာ အိုယာမာ ပါဝင်တယ်ဆိုတာ သိလိုက်ချိန်မှာ တုန်လှုပ်ခဲ့ကြောင်း ၊သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့မှု၊ ဖော်ရွေမှုနဲ့ မြန်မာဘာသာစကားကို ကျွမ်းကျင်မှုတို့အတွက် လေးစားခဲ့ရတယ်လို့ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပြီး အိုယာမာ သေဆုံးမှုဟာ မြန်မာနဲ့ဂျပန်နိုင်ငံတို့အကြား သံတမန်ရေးရာတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မှတ်ချက်ပြုရေးသားထားတယ်လို့ ဆိုပါတယ်။

 

Ref : NHK

Photo : Kyodo

 

#voiceofmyanmar # စကားပြန်လုပ်ပေးဖူးသူဂျပန်နိုင်ငံသားသေဆုံးမှုဝမ်းနည်းကြောင်းစာပို့ # ဒေါ်အောင်ဆန်းစုကြည် #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW