ရန်ကုန်၊ ဇွန် ၆ – ၂၀၁၉
သိင်္ဂီ (VOM)
ရန်ကုန်မြို့က ဈေးတွေအားလုံးမှာ အသားဈေးနှုန်းတွေ လျှော့ရောင်းပေးနိုင်ဖို့ အသားထုတ်လုပ်သူတွေ ကိုယ်တိုင်ဆိုင်ခန်းဖွင့်ပြီး ရောင်းဖို့ ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောပါတယ်။
“အဓိက,က ပြည်သူလူထု ဈေးနှုန်းသက်သာချောင်ချိစွာနဲ့ ဝယ်ယူစားသုံးနိုင်ဖို့ ဖြစ်ပါတယ်။ လူတိုင်း အသားစားသုံးမှုက များတယ်။ ဒါကြောင့် ငါးအပြင် အသားထုတ်လုပ်နိုင်ဖို့လည်း ဝန်ကြီးဌာနကနေ ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် ဈေးတွေမှာ အသားထုတ်လုပ်တဲ့သူတွေ ကိုယ်တိုင်လာရောက်ပြီးတော့ ဈေးလျှော့ရောင်းနိုင်တဲ့ ဆိုင်ခန်းတွေဖွင့်နိုင်အောင် လုပ်နေပါတယ်။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းရဲ့ အသားလိုအပ်မှုက နေ့စဉ်ပိဿချိန် ၉၀၀၀၀ ကျော်လောက် လိုအပ်မှု ရှိနေတဲ့အတွက် တိုင်းအစိုးရအနေနဲ့ ကူညီပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အသားတွေကို လျှော့ဈေးနဲ့ ရောင်းချနိုင်မယ့်အစီအစဉ်ကို လတ်တလော ဈေး ၁၂ ခုမှာ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
လူစားအများဆုံး အသားဟာ ကြက်သားဖြစ်တဲ့အတွက် ကြက်ကို အဓိကထားမွေးမြူထားပြီး ငါးမွေးမြူရေးလုပ်ငန်းအနေနဲ့လည်း ငါးမွေးမြူရေးကန် ၈၅၀၀၀ ကျော် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အသားထုတ်လုပ်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဌာနက လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မွေးမြူရေးအသင်းတွေနဲ့ ပူးပေါင်းပြီးလည်း ဈေးနှုန်းသက်သာဖို့ လုပ်နေသလို မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်တဲ့အစာ၊ ခေတ်မီအစာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ထုတ်လုပ်နိုင်ဖို့လည်း မွေးမြူရေးလုပ်ငန်းရှင်တွေ၊ အစာထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ငန်းလည်ပတ်နိုင်အောင် ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ညောင်နှစ်ပင် မွေးမြူရေးနဲ့ စိုက်ပျိုးရေးဟင်းသီးဟင်းရွက်ဇုန်ကနေထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း နောက်ပိုင်းမှာ သြဂဲနစ်အဆင့်အထိ တိုးတက်နိုင်ဖို့ လုပ်နေတယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
#voiceofmyanmar # အသားဈေးနှုန်းတွေလျှော့ရောင်းပေးနိုင်ဖို့ဆောင်ရွက်နေ #ရန်ကုန်