ပဲခူး၊ ဇွန် ၉ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေကို သုတ်သင် ရှင်းလင်းသွားမယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့က သိရပါတယ်။
“ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့်တွေကို ဘဏ္ဍာရေးနှစ် တစ်နှစ် နှစ်ကြိမ်၊ တစ်ကောင်ကို ၁၅၀၀ ကျပ်နဲ့ ရှင်းလင်းသုတ်သင်မယ်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လျာထားငွေမပါဘူး။ တိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေ ပိုလျှံရံပုံငွေ (GRF)ကနေ ထုတ်ယူသုံးစွဲခွင့် တောင်းခဲ့တယ်။ သုံးစွဲခွင့်တော့ မရသေးဘူး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အဖွဲ့ရဲ့အသုံးစရိတ် ဘတ်ဂျက်ထဲ ထည့်ရေးစွဲသွားမယ်။”လို့ ပဲခူးတိုင်း အစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းက ပြောပါတယ်။
လက်ရှိအချိန်အထိ ကောက်ယူထားတဲ့ စာရင်းအရတော့ ပဲခူးတိုင်းမှာ ပိုင်ရှင်မဲ့ ခွေးလေခွေးလွင့် သုံးသောင်းကျော် ရရှိခဲ့ပြီး ဘဏ္ဍာရေးတစ်နှစ်ကို နှစ်ကြိမ်နှုန်းနဲ့ သုတ်သင်ရှင်းလင်းသွားမှာ ဖြစ်ပါတယ်။
ပဲခူးမြို့နယ် စည်ပင်သာယာ ငွေလုံးငွေရင်း အသုံးစရိတ်ကနေ ခွေးသတ်ဆေး သုံးစွဲဖို့ လျာထားငွေ(၁၃)သိန်းကျပ်၊ ရွှေကျင်မြို့နယ်က ခွေးလေခွေးလွင့်တွေ သုတ်သင်ရှင်းလင်းဖို့နဲ့ သားဆက်ခြားဆေးဝယ်ယူဖို့အတွက် လျာထားငွေ(၃၅)သိန်းကျပ်တို့ကို ပြန်လည်တောင်းခံပြီး အဖွဲ့ရဲ့အသုံးစရိတ် ဘတ်ဂျတ်မှာ ထည့်သွင်းရေးစွဲကာ တိုင်းအစိုးရအဖွဲ့ကို တင်ပြထားပြီး ဖြစ်ပါတယ်။
ခွင့်ပြုချက်ရပါက ခွေးလေခွေးလွင့် သုတ်သင် ရှင်းလင်းရေး ပြုလုပ်သွားမယ်လို့ ပဲခူးတိုင်းလွှတ်တော် (၁၂)ကြိမ်မြောက်၊ နဝမနေ့ ပုံမှန်အစည်းအဝေးက သိရပါတယ်။
#voiceofmyanmar # ပဲခူးတိုင်းမှာခွေးလေခွေးလွင့်တွေကိုသုတ်သင်ရှင်းလင်းသွားမယ် #တစ်ကောင် ၁၅၀၀ #ပဲခူး