စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်းဆောက်ဖို့ မြေနေရာရှာ

ရွှေဘို၊ ဇွန် ၁၁ – ၂၀၁၉

မောင်တာရာ(VOM)

 

စစ်ကိုင်းတိုင်းမှာ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့ လက်ရှိမှာ မြေနေရာ ရှာဖွေနေတယ်လို့ တိုင်းအစိုးရအဖွဲ့က သိရပါတယ်။

 

စစ်ကိုင်းတိုင်းအတွင်းက မုံရွာမြို့နယ်နဲ့ ရွှေဘိုမြို့နယ်တို့မှာ  မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်သွားမှာဖြစ်ပြီး ပြည်ထောင်စု အစိုးရခွင့်ပြုချက်နဲ့ ဆောင်ရွက်မယ်လို့ သိရပါတယ်။

 

”ပြည်ထောင်စုအစိုးရက  မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့  ခွင့်ပြုမိန့်ချပေးတယ်။ ဒီဟာကို အကောင်အထည်ဖော်ဖို့ရာအတွက် မြေနေရာရှာနေပါတယ်။ ရွှေဘိုမြို့နယ်ကတော့ မြေနေရာလျာထားပြီ ဖြစ်ပါတယ်။ “လို့ ရွှေဘိုမြို့နယ်၊ မဲဆန္ဒနယ်မြေ (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးကျော်သူက ပြောပါတယ်။

 

ရွှေဘိုမြို့နယ်မှာ မူးယစ်ဆေးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့ မြေနေရာကို  ဒီလ ၁၀ ရက်က ကွင်းဆင်းရှာဖွေရာမှာ ရွှေဘိုမြို့နယ်၊ ကုလားမရွာ ကွင်းအမှတ် ၂၇၁၀ (က ) ကုလားမကွင်းကို  ကြည့်ရှုလျာထားတယ်လို့ သိရပါတယ်။

 

မုံရွာမြို့နယ်အတွက်ကတော့ မြေနေရာရှာဖွေနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် လူဦးရေ ဘယ်လောက်ဆံ့လဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖို့ မြေနေရာတွေကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကွင်းဆင်းစစ်ဆေးကြည့်ရှုမှာဖြစ်ပြီး အတည်ပြုချက် ရယူပြီးရင် စီမံကိန်းရေးဆွဲ တင်ပြကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။  မြေနေရာရှာပြီး အတည်ပြုပြီးပြီဆိုရင် ဒီစီမံကိန်းကို ၂၀၂၀ -၂၀၂၁ မှာ စနိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မူးယစ်ဆေးစွဲသူတွေအတွက်ပြန်လည်ထူထောင်ရေးစခန်းဆောက်ဖို့ မြေနေရာရှာ #စစ်ကိုင်း#ရွှေဘို #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW