စစ်ဘေးကြောင့် ထွက်ပြေးနေရတဲ့အတွက် ချေးငွေပြန်မဆပ်နိုင်တဲ့တောင်သူတွေရှိနေ

စစ်တွေ၊ ဇွန် ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

အခု ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် တောင်သူတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ချေးငွေတွေ ထုတ်ချေးပေးနေပြီ ဖြစ်ပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ  နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းက ချေးယူခဲ့တဲ့ ချေးငွေတွေကို တချို့တောင်သူတွေအနေနဲ့ ပြန်လည်ပေးသွင်းနိုင်ခြင်းမရှိဘူးလို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သိရပါတယ်။

 

“ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် တောင်သူတချို့လည်း နေရပ်စွန့်ခွာသွားတဲ့အထဲမှာ ပါသွားတယ်။ တချို့ကလည်း နေရပ်စွန့်ခွာမသွားပေမယ့် ဒီပိုက်ဆံကို ဆပ်လိုက်လို့ရှိရင် ချေးငွေသစ်တွေနောက်ထပ်မရမှာကိုစိုးရိမ်မှုတွေရှိနေတဲ့အတွက် ချေးငွေပေးသွင်းမှုက နည်းနေတာ ဖြစ်ပါတယ်။”လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအေးသိန်းက ပြောပါတယ်။

 

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်အနေနဲ့ မေလ ၆ ရက်ကစတင်ပြီး ချေးငွေတွေကို ပုံမှန်ထုတ်ချေးပေးနေတာပါ။  ချေးငွေပေးသွင်းပြီးတဲ့ တောင်သူတွေကို ချေးငွေသစ်တွေထုတ်ချေးပေးနေတာဖြစ်ပြီး တချို့တောင်သူတွေအနေနဲ့လည်း ကြွေးကျန်တွေကို လာရောက်ပေးသွင်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

 

“မနှစ်က ကောက်ခံရရှိတဲ့အခြေအနေနဲ့ ဒီနေ့အခြေအနေတွေကို ယှဉ်ထိုးကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီနှစ်ကကောက်ခံရရှိတာ နည်းနေပါတယ်။ မနှစ်ကဆိုရင် ဒီအချိန်မှာ ၇၅ ရာခိုင်နှုန်းလောက် ကောက်ခံရရှိပြီး ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ၅၀ ရာခိုင်နှုန်းလောက်ပဲ ကောက်ခံရရှိသေးတာ ဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ် မန်နေဂျာ ဦးအေးသိန်းက ပြောပါတယ်။

 

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီးတော့ အခုနှစ်မှာ ဒေသမတည်မငြိမ်မှုတွေကြောင့် တောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးလုပ်ကိုင်ဖို့ အခက်အခဲတွေရှိနေတဲ့အတွက် ချေးငွေလာမထုတ်တဲ့တောင်သူတွေလည်း ရှိနေတာဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်မှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မိုးစပါးစိုက်ပျိုးရာသီအတွက် တောင်သူဦးရေ ၁ သိန်းကျော်ကို ချေးငွေကျပ် ၈၄ ဘီလီယံအထိ ထုတ်ချေးပေးဖို့ လျာထားတယ်လို့ အဲဒီဘဏ်က သိရပါတယ်။

 

#voiceofmyanmar # စစ်ဘေးကြောင့်ထွက်ပြေးနေရတဲ့အတွက်ချေးငွေပြန်မဆပ်နိုင်တဲ့တောင်သူတွေရှိနေ   #မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် #ရခိုင်# စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW