ဖက်ဝန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး မိုင်းနင်းမိလို့ ဒဏ်ရာရ

ကျောက်တော်၊ ဇွန် ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဖက်ဝန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မနေ့ ဇွန်လ ၁၁ ရက်က မြေမြှုပ်မိုင်းနင်းမိလို့ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲထွန်း (၃၉ နှစ်)ဟာ သူတို့ရဲ့တောင်ယာရှိတဲ့ဘက်ကို ဟင်းရှာသွားစဉ် တောင်ယာခင်းထဲမှာ ထောင်ထားတဲ့မြေမြှုပ်မိုင်းကို နင်းမိခဲ့တာ ဖြစ်ပါတယ်။

 

“မိုင်းနင်းမိတာပါ။ ကျမတို့လင်မယားနှစ်ယောက်လုံး မနေ့ကမနက်စောစော ဟင်းရှာဖို့ဆိုပြီး တောကိုသွားပါတယ်။ ကိုယ့်တောင်ယာမီးရှို့ထားတဲ့နေရာကို သွားတာပါ။ အဲ့ဒီမှာ မျှစ်တွေထွက်နေတော့ မျှစ်သွားချိုးတာ တောင်ယာခင်းထဲမှာ ထောင်ထားတဲ့မိုင်းကို ကျမယောက်ျားက နင်းမိသွားတာပါ။”လို့ ဇနီးသည် ဒေါ်ဖြူက ပြောပါတယ်။

 

အဲဒီပေါက်ကွဲမှုကြောင့် ဇနီးသည် ထိခိုက်မှုမရှိခဲ့ပေမယ့် မိုင်းနင်းမိခဲ့တဲ့ ဦးရဲထွန်းကတော့ ခြေထောက်နှစ်ဖက်လုံးနဲ့ တခြားထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

“ခြေထောက်နှစ်ဖက်လုံးမှာ ဒဏ်ရာတွေရသွားတယ်။ တခြားနေရာတွေမှာလည်း ဒဏ်ရာတွေရပါတယ်။ အခုတော့ ကျောက်တော်ဆေးရုံကို မနေ့ကတည်းက ရောက်နေပါပြီ။”လို့ ဆိုပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဦးရဲထွန်းဟာ ခမီလူမျိုးတစ်ဦးဖြစ်ပြီး  သူတို့နေထိုင်တဲ့ ဖက်ဝန်းချောင်းကျေးရွာရဲ့ အနောက် တစ်မိုင်ခန့်အကွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

ဓါတ်ပုံ – REC

 

#voiceofmyanmar # ဖက်ဝန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးမိုင်းနင်းမိလို့ဒဏ်ရာရ#ရခိုင် # ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW