အစိုးရ ၂ဆက်လုံးကို တင်ပြခဲ့သော်လည်း ဘုရင့်နောင် ကုန်စည်ဝန်းအတွင်း ကားကြပ်တည်းမှုကို ယာယီပြေလည်မယ့်နည်းနဲ့ ဖြေရှင်းနေရဆဲ

ရန်ကုန်၊ ဇွန် ၁၄-၂၀၁၉

သူရိန် (VOM)

 

ဘုရင့်နောင်ကုန်စည်ဝန်းအတွင်း တစ်ရက် ကုန်ကားအစီးရေ ၁၅၀၀ ၀န်းကျင်ခန့် ၀င်ရောက်နေတာကြောင့် အလွန်အမင်းကားကြပ်တည်းမှု ကြုံတွေ့နေရလို့ ၆ ဧက အကျယ်ရှိတဲ့ ပုဂ္ဂလိကပိုင်မြေနေရာပေါ်မှာ ယာယီကားရပ်နားကွင်းဖော်​ဆောင်ပြီးဖြေရှင်းဆောင်ရွက်နေရပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က

“ကုန်ကားအ၀င်အရမ်းများတယ်။ တစ်ရက်ကို ၁၅၀၀ လောက်ဖြစ်နေတော့ ၄ ရက်ဆက်တိုက်ကြပ်သွားတယ်။ ဒါနဲ့ပတ်သက်ပြီးကားကွင်းစီစဉ်ပေးဖို့ တောင်းထားတယ်။ တောင်းထားတဲ့အပေါ်မှာ ၀န်ကြီးချုပ်အနေနဲ့ ကားကွင်းကြည့်နေတယ်။ ကျွန်တော်တို့ကလည်း နေရာရှာပြီးတော့ ဘယ်လိုကားရပ်ရမလဲဆိုတာဝိုင်းပြီးတော့ လုပ်နေတယ်။ အခုလက်ရှိတော့ ရွှေသံလွင်ဝန်းအနောက်ထဲမှာ ၆ ဧကလောက် ရှိတယ်။ သူတို့ပိုင်တာ၊ အဲ့ဒီ့မှာယာယီရပ်ဖို့ တောင်းတော့ခွင့်ပြုတယ်လို့ “ ပြောပါတယ်​။

 

 

ဒီရွှေသံလွင်ကားရပ်နားကွင်းမှာကုန်တင်ကားအစီးရေ ၁၅၀ က​နေ၂၀၀ ကြားရပ်နားနိုင်မှာဖြစ်​ပေမယ့်​ရေရှည် မှာကားကွင်းမရှိရင်​ ကုန်သည်စီးဆင်းမှုနှောင့်နှေးနိုင်တာကြောင့် အစိုးရကိုတင်ပြထားခဲ့တာ အစိုးရ နှစ်ဆက်တိုင်ကြာမြင့်နေပြီဖြစ်တယ်​လို့သိရပါတယ်​။

 

 

လက်ရှိဖော်​ဆောင်ပြီးစီးထားတဲ့ ယာယီကားရပ်နားကွင်းမှာ အစီးရေ ၅၀၀ ခန့်ရပ်နားနိုင်ပြီး ကျန်ကား​တွေက ပွဲရုံဝန်းအတွင်းကလမ်းမ​တွေပေါ်မှာအဆင်ပြေသလို ရပ်နားနေရပါတယ်​။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဝန်းအတွင်း ကုန်ခြောက်ပွဲရုံပေါင်း ၅၀၀ ၀န်းကျင်၊ ဆန်ပွဲရုံ ၂၀၀၊ ရေထွက်ပစ္စည်းပွဲရုံ ၁၅၀ ၀န်းကျင်၊ ကားဂိတ်ပေါင်း ၄၀၀ ၀န်းကျင်၊ ဘဏ်ပေါင်း ၂၄ ဘဏ် ရှိပြီး ပဲအမျိုးမျိုးနဲ့ဆန်ပြည်ပတင်ပို့မှုသုံးပုံနှစ်ပုံက ဒီကုန်စည်ဒိုင်ဝန်းအတွင်းက​နေ သွားရောက်​နေတာကြောင့် အရောင်းအ၀ယ် ကြီးမားတဲ့ ​ဈေးကွက်​တခုဖြစ်​ပါတယ်​။

 

ဒါကလည်း ရေတိုပါ။ရေရှည်အနေနဲ့တော့ကားကွင်းမရလို့ကို အဆင်မပြေဘူး။ အစီး ၈၀၀ လောက်က လမ်းတွေပေါ်မှာ ဖြစ်နေဦးမှာ။ ကျန်တဲ့မြို့အသေးလေးတွေတောင် ကားကွင်းကို အပြင်ဘက် ထုတ်လိုက်ပြီ။ ဥပမာ ပြည်၊ မုံရွာ၊ မော်လမြိုင်၊ ဟင်္သာတ အစုံပဲ။ ကျွန်တော်တို့ ရန်ကုန်ပဲ ကျန်တော့တယ်။ အစိုးရကို ကားကွင်းနေရာ တောင်းထားတာ ၆ နှစ်၊ ၇ နှစ်လောက်ရှိပြီ။ ဒါပေမယ့် မြေနေရာ အဆင်မပြေသေးဘူးလို့ ပြောတယ်လို့ ဦးခင်ဟန်ကဆက်​ ပြောပါတယ်​။

 

လက်ရှိမှာရန်ကုန်ဘုရင့်နောင်ကုန်စည်ဝန်းကို အဆင့်မြှင့်တင်မှု​တွေလုပ်​​ဆောင်​နေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်မှာရရှိခဲ့တဲ့ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်းတစ်သောင်းခြောက်ထောင်ကျော်နဲ့ အဓိကလမ်းမကြီး ၃ လမ်းကို ပြင်ဆင်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာလည်း ကြားလမ်း​တွေကို ဆက်လက်အဆင့်မြှင့်တင်နိုင်ရေး ထပ်မံတင်ပြသွားမယ်​လို့သိရပါတယ်​။

 

 

#voiceofmyanmar #ရန်ကုန် #ဘုရင့်နောင်ကုန်စည်ဒိုင် #ကားကြပ်

Related posts

Leave a Comment

VOM News

FREE
VIEW