ဇီးကုန်း၊ ဇွန် ၁၉ – ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့ နယ် လယ်မကျေးရွာအုပ်စုက လယ်တချို့မှာ ကျိုင်းပိုးအမျိုးနွယ်ဝင် ပိုးတစ်မျိုးကျလို့ စပါးပင်တွေ ပျက်စီးမှုရှိနေတဲ့အတွက် တောင်သူတွေ စိုးရိမ်နေတယ်လို့ သိရပါတယ်။
“မြေခွေးကောင်လို ကျင်းပေါက်ကလေးတွေကနေ စပါးပင်ရဲ့ အမြစ်တွေ၊ အပင်တွေ အကုန်စားပစ်တယ်။ တော်တော်စိုးစိုးဝါးဝါး ဖြစ်နေတယ်။ လယ်မရွာဘက်က လယ်တွေဆို တစ်ကွင်းလုံး အဲဒီပိုးတွေကို နှိမ်နင်းနေရတယ်။ ဆေးတွေပက်တော့လည်း မသေဘူး။ စပါးပင်တွေက တစ်ထွာလောက်ရှိမှ ပျက်စီးကုန်တာ။”လို့ ဒေသခံတောင်သူ ဦးသန်းလွင်က ပြောပါတယ်။
အထူးသဖြင့် လယ်မကျေးရွာအုပ်စု လယ်မရွာမှာ ခန့်မှန်းခြေ လယ်ဧက သုံးဆယ်ကျော်ဟာ ပိုးကျနေပြီး လယ်ကွက်တိုင်းနီးပါးက ဧကတစ်ဝက်လောက်ကို ပိုးစားထားတယ်လို့ ဆိုပါတယ်။ ဒီမိုးဦးကျကာလ မျိုးစပါးစိုက်ပျိုးစရိတ်နဲ့ ထွန်ယက်ခဟာ တစ်ဧကကို ငါးသောင်းကျော် ကုန်ကျစရိတ်ရှိပြီး အခု ဒီပိုးဖျက်စီးမှုကြောင့် အရှုံးပေါ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။
“လယ်တစ်ကွင်းလုံး အဲဒီလိုဖြစ်သွားပြီး တစ်ပင်မှမကျန်အောင် စားပစ်မှာစိုးရိမ်နေတာပါ။ အဲဒီလိုစားပစ်ရင် ရာသီဥတုအရ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ နောက်မိုးနဲ့ပျိုးချရင်လည်း ရေနစ်မှာပါ။ ဒါကြောင့် ဒီပိုးကျတာကို စိုးရိမ်နေတာပါ။” လို့ တောင်သူ ဦးထွန်းထွန်းက ပြောပါတယ်။
အခုလို တောင်သူတွေ စိုးရိမ်မှုနဲ့ပတ်သက်ပြီး ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက “အခုကျတဲ့ပိုးက မိုင်နာအဆင့်ပါ နှစ်စဉ်တော့ ကျပါတယ်။ အဓိက မေဂျာဖျက်ပိုးတော့မဟုတ်ပါဘူး။ သူ့ရဲ့ရွေ့လျားမှုနဲ့ ဖျက်စီးမှုက နှေးကွေးပါတယ်။ ကျနော်တို့ ကွင်းပတ်ဆင်းပြီးပါပြီ။ ဒီနေ့တောင်သူတွေနဲ့ တွေ့ဆုံပြီး တောင်သူတွေ နားလည်အောင် ရှင်းပြပါမယ်။”လို့ ဆိုပါတယ်။
အဲဒီပိုးဟာ မိုးခေါင်တဲ့အချိန် ဒါမှမဟုတ် မိုးဦးကျကာလမှာ ကျတတ်တဲ့သဘောဖြစ်ပြီး မိုးများရင် အလိုလိုသေတယ်လို့ ဦးလှမိုးက ပြောပါတယ်။ အခုခေတ်စားနေတဲ့ ငမြောင်တောင်ပိုးလို တစ်ကောင်ကျတာနဲ့ သိန်းပေါင်းများစွာ ကျတတ်တဲ့ပိုးမျိုးမဟုတ်လို့ အရမ်းစိုးရိမ်စရာမလိုတဲ့အတွက် ပိုးသတ်ဆေးတွေ မလိုအပ်ဘဲ မသုံးသင့်ကြောင်းကိုလည်း ရှင်းပြပါတယ်။
#voiceofmyanmar # ဇီးကုန်းမြို့နယ်ကလယ်မြေတချို့မှာကျိုင်းပိုးအမျိုးနွယ်ဝင်ပိုးတစ်မျိုးကျ #တောင်သူတွေစိုးရိမ် #သာယာဝတီ #ဇီးကုန်း #လယ်မကျေးရွာ