ထုတ်ဖို့ ကျန်နေတဲ့ ထီဆုလက်မှတ်တွေ နောက်လကုန်အထိ လာမထုတ်ရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမယ်

ရန်ကုန်၊ ဇွန် ၂၁ – ၂၀၁၉

သိင်္ဂီ( VOM)

 

အောင်ဘာလေသိန်းဆုဌာနခွဲမှာ လာမထုတ်ရသေးတဲ့ ဆုလက်မှတ်တွေ နောက်လကုန်အထိမှ လာမထုတ်နိုင်ရင် နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန ၊ အောင်ဘာလေ သိန်းဆုဌာနခွဲက သိရပါတယ်။

 

အဲဒီဆုလက်မှတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်  သြဂုတ်လ ၁ ရက်ကဖွင့်လှစ်ခဲ့တဲ့ ၁၇ ကြိမ်မြောက် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကရရှိတဲ့ ဆုလက်မှတ်အပါအ၀င် ဆုလက်မှတ်ပေါင်း ၉၅၉၂ ဆုဖြစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနအနေနဲ့ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့အထိ စောင့်ဆိုင်းမှာဖြစ်ပါတယ်။

 

” သတ်မှတ်ရက်ကို ၀က်ဆိုက်ဘ်မှာ ထုတ်ပြန်ထားတယ်။ လာမထုတ်တဲ့လက်မှတ်တွေ စာရင်းကိုလည်း ကြေငြာပေးထားတယ်။ သတ်မှတ်ရက်ထိမှ လာမထုတ်ဘူးဆိုရင် နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းမှာဖြစ်ပါတယ်။”လို့ ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီထီဆုလက်မှတ်တွေကတော့ သိန်း ၃၀၀၀ ထီဆု တစ်ဆု ၊ သိန်း ၁၀၀၀ လက်မှတ် ၃ ဆု ၊ သိန်း  ၁၀၀ လက်မှတ် တစ်ဆု ၊ သိန်း ၅၀ လက်မှတ် ၁ ဆု၊ သိန်း ၃၀ တန် လက်မှတ် ၂ ဆု ၊  ၁၀ သိန်းတန် လက်မှတ် ၂ ဆု ၊  ၃ သိန်းတန် လက်မှတ် ၁၇ ဆု ၂ သိန်းတန် လက်မှတ် ၁၄၉ ဆုတို့ ဖြစ်တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက သိရပါတယ်။

 

” ထီပေါက်လို့ ပေါက်မှန်းမသိတာ အတော်ဆိုးးတယ်။ တကယ်ဆို ထီသည်တွေက ဆက်သွယ်ပေးရမှာ။ ထီထိုးထားတဲ့သူတွေကလည်း ထီဖွင့်ရက်မှာ မဖြစ်မနေတိုက်သင့်တယ်။ ပေါက်တယ် မပေါက်ဘူးဆိုတာကတော့ ကိုယ့်ကံပေါ့။ ထီသည်တွေကို အားကိုးလို့မရဘူး။ နိုင်ငံတော်ကလည်း တီဗီချန်နယ် လိုင်းတွေမှာ ကြေငြာပေးသင့်တယ်။ ဒါပေမယ့်လည်း ၂၀၁၈ က ထီလက်မှတ်တွေကတော့ မရှိလောက်တော့ပါဘူးး။”လို့ ကမာရွတ်မြို့နယ်နေ ဒေါ်ဝင်းဌေးက ပြောပါတယ်။

 

လက်ရှိမှာတော့  လာရောက်ထုတ်ယူခြင်းမရှိတဲ့ဆုမဲတွေကို  တိုင်းနဲ့ ပြည်နယ်အလိုက် အစိုးရအဖွဲ့ရုံး၊  ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံး ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီရုံးတွေရဲ့ ကြော်ငြာသင်ပုန်းတွေမှာ ကြေငြာပေးထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ထုတ်ဖို့ကျန်နေတဲ့ထီဆုလက်မှတ်တွေနောက်လကုန်အထိလာမထုတ်ရင် နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းမယ်  # ပြည်တွင်းအခွန်ဦးစီးဌာန #အောင်ဘာလေသိန်းဆု # ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW