တပ်မတော်ရေယာဉ်တစ်စီး တိုက်ခိုက်ခံလိုက်ရကြောင်း တပ်မတော်ပြော

စစ်တွေ၊ ဇွန် ၂၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အရှေ့မြောက်ဘက် ဆတ်ရိုးကျချောင်းအနီး ကုလားတန်မြစ်ကြောင်းထဲမှာ ရပ်နားထားတဲ့ တပ်မတော်ရေယာဉ်တစ်စီးကို ဒီနေ့မနက်ပိုင်းမှာ AA ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။

 

အဲ့ဒီရေယာဉ်ဟာ စစ်တွေမြို့တဖက်ကမ်း ဆတ်ရိုးကျရပ်ကွက် ကျေးတောရွာရဲ့အရှေ့ဘက်မှာ ရပ်နားထားချိန် ဒီနေ့မနက် သုံးနာရီကျော်လောက်က ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ပစ်ခတ်မှုကြောင့် အနည်းငယ်ပျက်စီးသွားသလို တပ်မတော်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

“စစ်တွေမြို့ ဆတ်ရိုးကျနားမှာ ရပ်ထားတဲ့ ရေယာဉ်တစ်စီးကို AA ဘက်က RPG အမျိုးအစား လက်နက်နဲ့ ပစ်ခတ်ခဲ့တာပါ။ သုံးချက်ပစ်ခဲ့တာပါ။ နှစ်လုံးကတော့ ကွဲတယ်၊ တစ်လုံးကတော့ မကွဲဘူး။ ရေယာဉ်ပေါ်မှာရှိနေတဲ့ စစ်သည်တချို့လည်း ထိခို က်ဒဏ်ရာ ရရှိခဲ့ပါတယ်။”လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဝင်းဇော်ဦးက ပြောပါတယ်။

 

အဲ့ဒီပစ်ခတ်မှုကြောင့် ရေယာဉ်နဲ့မနီးမဝေးမှာရှိနေတဲ့ ကျေးတောကျေးရွာက နေအိမ်တစ်ဆောင်မှာလည်း လက်နက်ကြီး ကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အဲ့ဒီကျည်ဟာ ရေတပ်သင်္ဘောပေါ်ကနေ ပစ်ခတ်လိုက်တဲ့ကျည်ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

 

“ပစ်သံသုံးချက်ကို ကြားလိုက်ရတယ်။ ကျနော်တို့က ပထမနှစ်ချက်မှာ မိုးခြိမ်းတယ်လို့ထင်တာ။ နောက်တစ်ချက်က အသံတော်တော်လေးကိုမြည်တာကြားမှ ဒါပစ်တာပဲဆိုပြီး သိလိုက်ရတယ်။ ရွာတဲကနေ အိမ်တစ်အိမ်မှာ ကျတယ်။ လူတွေထိခိုက်တာတွေ မရှိခဲ့ဘူး။”လို့ ကျေးတောရွာသားတစ်ဦးက ပြောပါတယ်။

 

ရေယာဉ်ပစ်ခတ်တိုက်ခိုက်ခံလိုက်ရတဲ့အတွက် တပ်မတော်ဘက်က ဒဏ်ရာရရှိသူတွေရှိပြီး သေဆုံးသူ ရှိမရှိကိုတော့ သူ့အနေနဲ့ မသိရှိရသေးကြောင်း၊ ရေယာဉ်ပေါ်ကနေ ပြန်လည်ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုထားပါတယ်။

 

အခုလို တပ်မတော်ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော်ပြောဆိုချက်နဲ့ပတ်သက်လို့ AA ရဲ့သဘောထားကိုရယူနိုင်ဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

 

#voiceofmyanmar # တပ်မတော်ရေယာဉ်တစ်စီးတိုက်ခိုက်ခံလိုက်ရကြောင်း တပ်မတော်ပြော#ရခိုင် #စစ်တွေ # AA

Related posts

Leave a Comment

VOM News

FREE
VIEW