အခြေခံပညာကျောင်းတွေနဲ့ ဘကကျောင်းတွေကို စက်ဘီး အစီးရေတစ်သောင်း လှူ

စစ်ကိုင်း၊ ဇွန် ၂၄ – ၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

မြန်မာနိုင်ငံအတွင်းက အခြေခံပညာကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက ကျောင်းသွားဖို့ အခက်အခဲရှိနေပြီး ချို့တဲ့နေတဲ့သူတွေအတွက်  စက်ဘီးအစီးရေ တစ်သောင်း လှူသွားမယ်လို့ LessWalk Organization  က သိရပါတယ်။

 

အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားတွေထဲမှာ ကျောင်းကိုသွားလာဖို့ အခက်အခဲရှိနေတဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေ တစ်သောင်းအတွက် LessWalk Organization ကနေ စက်ဘီးအစီးရေ တစ်သောင်း လိုက်လံလှူဒါန်းသွားမှာ ဖြစ်ပါတယ်။

 

”ကျနော်တို့ နယ်တွေဘက်သွားတဲ့အခါ ကလေးတွေ လမ်းလျှောက်ပြီး ကျောင်းတက်နေတာကို တွေ့ရတော့ စက်ဘီးတွေကို ကျောင်းသူ၊ ကျောင်းသားတွေကို ပေးချင်နေတာ။ အဲဒါကို စဉ်းစားနေတာ တနှစ်ကျော်ကြာပါပြီ။ ကျနော်အိမ်မက် ဖြစ်လာခဲ့ပါတယ်။ လက်ရှိစက်ဘီး အစီးရေ တစ်သောင်း ဝယ်ထားပါတယ်။” လို့ LessWalk Organization တည်ထောင်သူ ကိုမိုက်ခ်သန်းထွန်းဝင်းက ပြောပါတယ်။

 

တန်ဖိုးအနေနဲ့ စက်ဘီးတစ်စီးကို တစ်သိန်းခွဲကနေ နှစ်သိန်းကျပ်အထိရှိပေမဲ့ အများနဲ့ဝယ်တာဆိုတော့ ငါးသောင်းကျော်လောက်ပဲ ကျတယ်လို့ ရှင်းပြပါတယ်။ အဲဒီစက်ဘီးတွေကို တိုင်းနဲ့ပြည်နယ်အားလုံးကို မျှတအောင် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ၁၅၊ ၁၆ ရက်က ရန်ကုန်မြို့က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှစ်ကျောင်းကို စက်ဘီးအစီးရေ ၉၅ စီး၊ ဒီနေ့(ဇွန် ၂၄)ရက်မှာတော့ စစ်ကိုင်းမြို့၊ ပယ်ငါးဆယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲက ပညာသင်ကြားနေတဲ့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသား ၁၇၁ ဦးအတွက် စက်ဘီးအစီးရေ ၁၇၁ စီးလှူဒါန်းခဲ့ပါတယ်။

 

#voiceofmyanmar # အခြေခံပညာကျောင်းတွေနဲ့ ဘကကျောင်းတွေကို စက်ဘီးအစီးရေတစ်သောင်းလှူ    # စစ်ကိုင်း  #ရန်ကုန် # LessWalk Organization

Related posts

Leave a Comment

VOM News

FREE
VIEW