ကလေးသူငယ် ဥပ​ဒေကြမ်း ကန့်​ကွက်တဲ့ ဆန္ဒထုတ်​​ဖော်​ပွဲမှာ ဆရာ​တော်​ ဦးဝီရသူအတွက် ဆုတောင်းမေတ္တာပို့

သာယာဝတီ၊  ဇွန်​ ၂၄ -၂၀၁၉

မိုးယံ (VOM)

 

ဒီနေ့ မနက်ပိုင်းက ပဲခူးတိုင်း သာယာဝတီမြို့နယ်​မှာ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးလုပ်တဲ့ က​လေးသူငယ်​အခွင့်​အ​ရေးဆိုင်​ရာ ဥပ​ဒေကြမ်းအ​ပေါ် ကန့်​ကွက်​ ရှုတ်​ချခြင်း လူထုဆန္ဒထုတ်​​ဖော်​ပွဲမှာ ဆရာတော်ဦးဝီရသူအတွက်လည်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

 

အဲဒီ ဆန္ဒထုတ်​​ဖော်​ပွဲမှာ ​ရန်​ကုန်ုမြို့နေ ရှေ့​နေ ဦး​အေးပိုင်​က “ရဲ​ဘော်​ကြီးကို သိတယ်​မလား၊ ရဲ​ဘော်​ကြီးဆိုတာ ဆရာ​တော်​ဦးဝီရသူပါ။ ရဲ​ဘော်​ကြီးဟာ အခုဆိုရင်​ အခက်​အခဲတွေ အများကြီးကြုံ​တွေ့​နေရတယ်​၊ အစွပ်​စွဲခံ​နေရတယ်​။ ရဲ​ဘော်​ကြီးကို ကျန်းမာ​စေဖို့ ​မေတ္တာပို့ရမယ်​။”လို့ ​ဦးဆောင်ပြောဆိုပြီး ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ကြသူတွေကလည်း ဆု​တောင်း​မေတ္တာ ပို့သခဲ့ကြပါတယ်​။

 

အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို သာယာဝတီ မြို့နယ်​က ဗုဒ္ဓ၊ ဓမ္မ ဝံသာနု​ဖောင်​​ဒေးရှင်း ဥက္ကဌ ဦးမန်းကြီး၊ ​ရှေ့​နေဦး​အေးပိုင်​၊ သာယာဝတီမြို့နယ်​ ဗုဒ္ဓ၊ ဓမ္မ ပရဟိတ​ဖောင်​​ဒေးရှင်းက သံဃာ​တော်​  ၅၅ ပါးနဲ့ ပြည်​သူ ၇ ရာနီးပါး ပါဝင်ခဲ့ကြပါတယ်။

 

ဆန္ဒထုတ်ဖော်ပွဲမှာ သံဃာတော်တွေနဲ့ ပြည်သူတွေဟာ နိုင်ငံသား မဟုတ်သူများ တိုင်းရင်းသားဖြစ်ခွင့်မရရေး ဒို့အရေး၊ တိုင်းရင်းသား ပြည်သူများ၏အကျိုးစီးပွားဆန့်ကျင်သည့် ဥပဒေ အလိုမရှိ၊ နိုင်ငံသား မဟုတ်သူကလေးသူငယ်မွေးစားခွင့် ဥပဒေ အလိုမရှိ၊ နိုင်ငံသား မဟုတ်သူများ လွှမ်းမိုးနိုင်မည့် ဥပဒေ အလိုမရှိစတဲ့ကြွေးကြော်သံတွေနဲ့ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

 

“လွှတ်​​တော်​ကနေပြီး အတည်​ပြုလိုက်​တဲ့ က​လေးသူငယ်​များဆိုင်​ရာအခွင့်​အ​ရေး ဥပ​ဒေမူကြမ်းမှာပါတဲ့ တချို့အချက်​​တွေကို သ​ဘောမကျလို့ ကန့်​ကွက်​ဆန္ဒပြတာပါ။ အဓိက,က နိုင်​ငံခြားသားကလေး​တွေကို ​မွေးစားခွင့်​ပြုတယ်​ဆိုတဲ့အချက်​၊ ​နောက်​တစ်​ချက်​က ​မွေးစားခွင့်​ရတဲ့က​လေးက ဒို့နိုင်​ငံသားမိသားစုဝင်​ က​လေး​တွေလိုပဲ အခွင့်​အ​ရေးရရှိ​စေရမယ်​ဆိုတဲ့အချက်၊​ မည်​သို့ပင်​ဆို​စေကာမူ ဤဥပ​ဒေအတိုင်း အတည်​ဖြစ်​ပါတယ်​ ဆိုတဲ့အချက်​တွေကို သ​ဘောမကျလို့ အခုလိုဆန္ဒထုတ်​​ဖော်​ရတာပါ။”လို့ သာယာဝတီခရိုင်​ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌ ဦးသိန်း​ဇော်​က ​ပြောပါတယ်​။

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းကို ဇွန်လ ၇ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကို ကန့်ကွက်တဲ့အနေနဲ့ အခုလို ဆန္ဒထုတ်ဖော်ပွဲကို ပဲခူးတိုင်းမင်းလှမြို့နယ်မှာလည်း လူခြောက်ရာလောက်နဲ့ မနေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

 

#voiceofmyanmar  # ဥပဒေကြမ်းကန့်ကွက်တဲ့ပွဲမှာဦးဝီရသူအတွက်ဆုတောင်းမေတ္တာပို့ # ဝံသာနုရက္ခိတအသင်းအဖွဲ့# ပြည်ခိုင်ဖြိုးပါတီ # ဗုဒ္ဓ၊ ဓမ္မ ဝံသာနုဖောင်ဒေးရှင် #ပဲခူး #မင်းလှ #သာယာဝတီ

Related posts

Leave a Comment

VOM News

FREE
VIEW