ထောင်ကျနေတဲ့ ယောက်ျားကို ထောင်ဝင်လာစာတွေ့တဲ့ ဇနီးသည်ဆီက သိန်းငါးဆယ်ကျော်ဖိုး မူးယစ်တွေ ဖမ်းမိ

မြောင်းမြ၊ဇွန် ၂၉ – ၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်း မြောင်းမြမြို့အကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူ မင်းမင်း(ခ)ငနိုင်ကို ထောင်ဝင်စာလာတွေ့တဲ့ အကျဉ်းသားရဲ့ဇနီးဆီက ကျပ်သိန်းငါးဆယ်ကျော်ဖိုး မူးယစ်ဆေးတွေ ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

ဖြစ်စဉ်မှာ ဇွန်လ ၂၈ ရက် ညနေပိုင်းက ခိုးမှုနဲ့ ထောင်ရှစ်နှစ်ကျနေတဲ့ အကျဉ်းသား မင်းမင်း(ခ)ငနိုင် (၃၄နှစ်) ကို ထောင်ဝင်စာလာတွေ့တဲ့ ဇနီးဖြစ်သူ မဝေဝေလှိုင်(ခ)မငွေသဇင်(၂၅ နှစ်)ဟာ စားစရာတွေထည့်လာတဲ့ ဗူးတွေထဲမှာ တန်ဖိုးငွေ ၄၀၅၀၀၀၀ ကျပ်ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ၊ တန်ဖိုးငွေ-၁၀၅၀၀၀၀ ကျပ်ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားလို့ ယူဆရတဲ့ ပန်းရောင်ဆေးပြား အကြေအပဲ့တွေနဲ့ တန်ဖိုးငွေ ၃၀၀၀၀၀ ကျပ်ခန့်ရှိ ICE တွေ သယ်ဆောင်လာတာကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေ ၅၄၀၀၀၀၀ ကျပ်ဖိုးလောက် ဖမ်းမိခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖေါ်ပြပါတယ်။

 

“မြောင်းမြထောင်ကတော့ ခဏခဏ မူးယစ်မိနေတာ အခုနှစ်အတွင်း သိသလောက်တော့ လေးကြိမ်ရှိပါပြီ။”လို့ တိုင်းရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မဝေဝေလှိုင်(ခ)မငွေသဇင်နဲ့ အကျဉ်းသား မင်းမင်း(ခ)ငနိုင်တို့နှစ်ဦးကို ဒီနေ့မနက်ပိုင်းက မြောင်းမြမြို့မရဲစခန်းမှာ တရားမဝင် မူးယစ်ဆေးနဲ့စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ- ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

#voiceofmyanmar  # ထောင်ကျနေတဲ့ယောက်ျားကိုထောင်ဝင်လာစာတွေ့တဲ့ဇနီးသည်ဆီက မူးယစ်တွေဖမ်းမိ # သိန်းငါးဆယ်ကျော်ဖိုး #ဧရာဝတီ # မြောင်းမြ

 

ဓါတ်ပုံ- ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW